ကျောင်းအဆောက်အအုံနှင့် သင်ထောက်ကူများ အရှည်တည်တံ့ရေးနှင့် အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး ဆောင်ရွက်ကြရန် မှာကြား

နေပြည်တော် ၂၀၂၂ စက်တင်ဘာ ၁၅

စာသင်ကျောင်းများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးထားသည့် အဆောက်အအုံ၊ သင်ထောက်ကူများ အရှည်တည်တံ့ရေးနှင့် အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယနေ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၀) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးစဉ်မှာကြားခဲ့ပြီး လိုအပ်ချက်များရှိပါက အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ အထက်တန်းကျောင်းသို့ ရောက်ရှိစဉ် စာသင်ခန်းအတွင်း ကျောင်းသား ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနေမှုများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့ပြင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားနေသဖြင့် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ ကျန်းမာရေး အထူးဂရုပြုကြရန်နှင့် ပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများကို လိုက်နာ၍ သင်ကြား၊ သင်ယူကြရန်လိုကြောင်း၊ ကျန်းမာ ပျော်ရွှင်စွာ ပညာသင်နိုင်ရေးအတွက် ကျောင်းနှင့်ကျောင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးကို ဂရုတစိုက်ဆောင်ရွက်ကြရန်၊ ကျောင်းလုံခြုံရေးအတွက် ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။