နေပြည်တော် ၂၀၂၂ နိုဝင်ဘာ ၁၆
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရန် အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ယခုနှစ်တွင် အတန်းလိုက် ဘာသာစုံ ပုံနှိပ်စာအုပ်များကို အချိန်မီရိုက်နှိပ်ဖြန့်ချိနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖြန့်ဝေထားသည့် တင်ဒါစည်းမျဉ်း၊ စည်းကမ်းများနှင့် လုပ်ငန်းဆောင်ရွက်မည့်အပေါ်တွင် အကြံပြုဆွေးနွေးကြစေလိုကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသုံးစာအုပ်များကို စံချိန်စံညွန်း အရည်အသွေးပြည့်မီစွာဖြင့် ပုံနှိပ်ဖြန့်ချိဆောင်ရွက်နိုင်မည့် လုပ်ငန်းရှင်များရွေးချယ် ဆောင်ရွက်သွားရမည်ဖြစ်နှင့် လုပ်ငန်းအောင်မြင်ရေးအတွက် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ အတွင်းရေးမှူး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များက အကြံပြုဖြည့်စွက်ဆွေးနွေးကြကာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။