နေပြည်တော်၂၀၂၂ ဩဂုတ် ၆
အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲကျင်းပရေးကောင်စီ(AUSC) သည် အကြိမ် (၂၀) မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲကို ဇူလိုင် ၂၆ မှ သြဂုတ် ၆ ရက်အထိ ထိုင်းနိုင်ငံ၊ အူဘွန်ရတ်ချဌာနီမြို့တွင် ကျင်းပခဲ့ပြီး ပြိုင်ပွဲကို အရှေ့တောင်အာရှဒေသတွင်းမှ အိမ်ရှင်ထိုင်း၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမော၊ ဗီယက်နမ် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစားသမားများ၊ အုပ်ချုပ်/နည်းပြအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်ကြခဲ့ကြသည်။
အကြိမ် (၂၀) မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲတွင် ရေကူး၊ ကရာတေး၊ မြားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘက်စကတ်ဘော၊ စစ်တုရင်၊ Esports၊ ဓားရေး၊ ဘောလုံး၊ ဖူဆယ်၊ စားပွဲတင်တင်းနစ်၊ ဘော်လီဘော၊ တောင်တက်အားကစား၊ တင်းနစ်၊ မွေထိုင်း၊ ပီတန်း၊ တိုက်ကွမ်ဒို၊ သဲသောင်ပြင်ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပန်ကြပ်ဆီလတ်၊ လှေလှော်၊ ဝူရှူး စသော အားကစားနည်း ၂၃ မျိုးမှ အမျိုးအစားပေါင်း (Events) ၂၃၀ မျိုး ထည့်သွင်းကျင်းပခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့သည့် အကြိမ်(၂၀)မြောက် အာဆီယံ တက္ကသိုလ် အားကစားပြိုင်ပွဲတွင် ဘောလုံး၊ မြားပစ်၊ ပိုက်ကျော်ခြင်း၊ ဝူရှူးအားကစားနည်း ၄ မျိုးကို အားကစားသမား ၃၃ ဦးဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
ထိုသို့ယှဉ်ပြိုင်ရာတွင် မြန်မာနိုင်ငံ တက္ကသိုလ်ဝူရှူးအားကစားအဖွဲ့မှ အားကစားသမား သုံးဦးသည် တစ်ဦးလျှင် လက်နက်မဲ့၊ လက်နက်ဖြင့် ပြိုင်ပွဲနှစ်မျိုးစီကို အားကစားပြိုင်ပွဲ ခြောက်မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မန္တလာတက္ကသိုလ်မှ ပထမဆု ရွှေတံဆိပ်တစ်ခု၊ ဒုတိယဆု ငွေတံဆိပ်တစ်ခု၊ ဒဂုံတက္ကသိုလ်မှ ပထမဆု ရွှေတံဆိပ်တစ်ခု၊ ဒုတိယဆု ငွေတံဆိပ်တစ်ခုနှင့် ကျောက်ဆည်တက္ကသိုလ်မှ တတိယဆု ကြေးတံဆိပ်တစ်ခုတို့ဖြင့် ဆုတံဆိပ်ငါးခုကို အောင်မြင်စွာဆွတ်ခူးရရှိခဲ့သည်။
အလားတူ အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲတွင် မြန်မာနိုင်ငံတက္ကသိုလ် ဘောလုံးအားကစားအဖွဲ့သည် တတိယဆု ကြေးတံဆိပ်တစ်ခု ရရှိခဲ့သည်။
မြန်မာနိုင်ငံ တက္ကသိုလ်အားကစားအဖွဲ့အနေဖြင့် အကြိမ် (၂၀) မြောက် အာဆီယံတက္ကသိုလ်များ အားကစား ပြိုင်ပွဲတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ မြားပစ်နှင့် ဝူရှူးအားကစားနည်း (၄) မျိုးတွင် အားကစားသမား စုစုပေါင်း (၃၃) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ စုစုပေါင်း ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်နှစ်ခုကို ဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိသည်။