သက်ပြည့်အငြိမ်းစားနှင့် ကွယ်လွန်သူ ပညာရေးဝန်ထမ်းများ၏ သားသမီးများကိုပါ ချီးမြှင့်ပေးမည်

နေပြည်တော် ၂၀၂၂ ဩဂုတ် ၁၂

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ပညာရေးဝန်ထမ်းသားသမီးများ ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို ယနေ့ နံနက် ၉နာရီတွင် ရုံးအမှတ်(၁၃) ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆုရကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစ၍ တက္ကသိုလ်ဝင် စာမေးပွဲများတွင် အောင်မြင်ခဲ့ကြသည့် ပညာရေး ဝန်ထမ်းသားသမီးများကို ဂုဏ်ထူးတစ်ဘာသာလျှင် ငွေကျပ် တစ်သိန်းနှုန်း၊ ရိုးရိုး အောင်မြင်သူ တစ်ဦးလျှင် ငွေကျပ်ငါးသောင်းနှုန်း နှစ်စဉ်ဂုဏ်ပြုချီးမြှင့်လျက်ရှိကြောင်း၊ ယခင်ပညာရေးဌာနတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏သားသမီးများကိုသာ ချီးမြှင့်ခဲ့ပြီး ယခု သက်ပြည့်အငြိမ်းစားနှင့် ကွယ်လွန်သူပညာရေးဝန်ထမ်းများ၏ သားသမီးများကိုပါ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း။

ယနေ့ အခမ်းအနားတွင် ခြောက်ဘာသာ ဂုဏ်ထူးရှင်များကိုသာ ဆုချီးမြှင့်မည်ဖြစ်ပြီး ကျန်ရှိသည့် ကျောင်းသားများအတွက် ဆုချီးမြှင့်ငွေများကို သတ်မှတ်နှုန်းထားများအတိုင်း သက်ဆိုင်ရာဦးစီးဌာနများနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များကို လွှဲပြောင်းပေး အပ်သွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြသည့် လူငယ်များသည် မိမိတို့စိတ်ဝင်စားသည့် ဘာသာရပ်များကို မှန်ကန်စွာရွေးချယ်ပြီး အဆင့်မြင့်ပညာရပ်များကို ဆည်းပူးရတော့မည်ဖြစ်ကြောင်း၊ လူငယ်များတွင် ခိုင်မာသည့်ရည်မှန်းချက်များ ရှိရမည်ဖြစ်ပြီး ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရန် ဇွဲ၊ လုံ့လ၊ ဝီရိယတို့နှင့် တစိုက် မတ်မတ်သင်ယူလေ့လာကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

ယင်းနောက် ကျောင်းသားကျောင်းသူများက "ပြည်မြန်မာ"သီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်၊ ဦးဇော်ဝင်းတို့က ဘာသာစုံဂုဏ်ထူးရှင်များကို ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ကြသည်။

ယင်းနောက် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “အသီးတစ်ရာအညှာတစ်ခု”သီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ကြသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှုးချုပ်များက ဘာသာစုံဂုဏ်ထူးရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။ ထို့နောက် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံပညာ အထက်တန်း‌ကျောင်းမှ ကျောင်းသား ကျောင်းသူများက "လူချွန်လူကောင်း" တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် ဆုရရှိကြသူများကိုယ်စား ပဲခူးတိုင်း‌‌ဒေသကြီး ပြည်မြို့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းမှ မမေမြတ်သက်နွယ်က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်း‌ကျောင်းမှ ကျောင်းသား ကျောင်းသူများက "ဇာတိမာန်" သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက တေးသရုပ်ဖော် သီဆိုဖျော်ဖြေ တင်ဆက်ကြသည့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ချီးမြှင့်သည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲတွင် ပညာရေးဝန်ထမ်းသားသမီး များအနက် ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၄၅ဦး၊ ငါးဘာသာဂုဏ်ထူးရရှိသူ ၈၄ဦး၊ လေးဘာသာဂုဏ်ထူးရရှိသူ ၁၅၆ဦး၊ သုံးဘာသာရရှိသူ ၃၇၀ဦး၊ နှစ်ဘာသာရရှိသူ ၄၆၇ဦး၊ တစ်ဘာသာရရှိသူ ၁၇၂၁ဦး၊ ရိုးရိုးအောင်မြင်သူ ၂၅၇၆ဦးရှိပြီး ဂုဏ်ထူး တစ်ဘာသာလျှင် ငွေကျပ်တစ်သိန်း၊ ရိုးရိုးအောင်မြင်လျှင် ကျပ်ငါးသောင်းဖြင့် ပညာရေးဝန်ထမ်းသားသမီး ၅၄၁၉ဦးအတွက် ချီးမြှင့်ငွေကျပ် ၆၃၆ ဒဿမ ၇၀ဝ သန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။