လာမည့်ပညာသင်နှစ်တွင် အခြေခံပညာရေးနှင့် အဆင့်မြင့်ပညာရေးကဏ္ဍများတွင် ကျောင်းတက်နှုန်းမြင့်မားရေးအတွက် အလေးထားဆောင်ရွက်

နေပြည်တော် ၂၀၂၂ ဩဂုတ် ၂၉

ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့်ကျောင်းအုပ်ကြီးများအတွက် အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပညာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယနေ့ဖွင့်လှစ်သည့် အရည်အသွေးမြှင့်သင်တန်းတွင် ပညာရေးနှင့်ပတ်သက်သည့် အချက်အလက်များ၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ ခေါင်းဆောင်မှုနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ စီမံရေးရာနှင့် သင်တန်းရေးရာ ကိစ္စများစသည်ဖြင့် ပို့ချပေးသွားမည်ဖြစ်ကြောင်း၊  တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများအနေဖြင့် လက်ရှိရာထူးတွင် တာဝန်ထမ်းဆောင် နေကြသူများဖြစ်သဖြင့် မသိသေးသည့် အကြောင်းအရာများသိအောင်၊ သိပြီးသား အကြောင်းအရာများ ပိုမိုနားလည်တတ်ကျွမ်း၍ ပညာရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်အောင် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။

ဆရာကြီး ဆရာမကြီးများသည် ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူးချုပ်များကို တာဝန်ခံရသည့် ဒုတိယအကြီးအမှူးများ ဖြစ်သည့်အတွက်  အကြောင်းအရာမျိုးစုံအတွက် တာဝန်ရှိသည့် ပုဂ္ဂိုလ်များဖြစ်ကြောင်း၊ ပညာရေးတွင် မည်သည့်နေရာဒေသတွင် တာဝန်ထမ်းဆောင် ကြရသည်ဖြစ်စေ ပညာရေးတိုးတက်အောင် ဆောင်ရွက်ရေးသည် ဆရာကြီး ဆရာမကြီးများတွင် တာဝန်အပြည့်ရှိကြောင်း၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးအတွက် အလေးထားဆောင်ရွက် ကြစေလိုကြောင်း၊ ဤသင်တန်းတွင် နိုင်ငံ၏ပညာရေးအားနည်းမှုများ မည်သို့ကုစား ဆောင်ရွက်ရမည်ကို ဆွေးနွေးအဖြေရှာကာ အုပ်စုအလိုက်တင်ပြ ဆွေးနွေးကြစေလိုပါကြောင်း၊ လာမည့်ပညာသင်နှစ်တွင် အခြေခံပညာရေးနှင့် အဆင့်မြင့်ပညာရေး ကဏ္ဍများတွင် ကျောင်းတက်နှုန်း မြင့်မားရေးအတွက် အလေးထားဆောင်ရွက် ကြစေလိုကြောင်း၊ နိုင်ငံရေးကင်းရှင်းသည့် ပညာရေးဖြစ်ရန်လိုကြောင်း၊ ကျောင်းသား ကျောင်းသူများကို အတန်းတိုင်း အဆင့်တိုင်းတွင် တတ်အောင်သင်ကြားပေးရေးသည် ပညာရေးဝန်ကြီးဌာန၏ တာဝန်ဖြစ်ကြောင်း၊ ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦးနှင့်တစ်ဦး မေတ္တာထား၍ ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

သင်တန်းနံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက စီမံအုပ်ချုပ်မှုရေးရာကိစ္စများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အနာဂါတ်ပညာရေးကို ပုံဖော်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း သင်ကြားပို့ချကြသည်။ သင်တန်းကို ဩဂုတ်၂၉ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ငါးရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။