ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

 

နေပြည်တော် ၂၀၂၅ မေ ၂၃

 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

 

ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့က ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးအခမ်းအနား ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ယင်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို အဆိုပါကျောင်းရှိ သံလွင်ခန်းမ၌ ဆက်လက်ကျင်းပရာ ကျိုင်းတုံမြို့ အမှတ်(၅)အခြေခံပညာ ကျောင်းသား ကျောင်းသူများက “ကျောင်းအပ်ကြစို့” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဇွန်လ ၂ ရက်တွင် နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံ ပညာဆင့်သင်ကျောင်းများ အားလုံးတစ်ပြိုင်နက်တည်း ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံရာ တွင် မည်သည့်ငွေကြေးမှ ကောက်ခံခြင်းမရှိဘဲ အခမဲ့ပညာရေးစနစ်ဖြင့် စနေ၊ တနင်္ဂနွေ ပိတ်ရက်မရှိ စီစဉ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့သင်ကြားမည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့်သင်ကြားပေးကြစေလိုပါကြောင်း၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးအတွက် အားလုံးတက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားပြီး အခမဲ့ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကို ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူကြသည်။

 

ဆက်လက်၍ ကျိုင်းတုံမြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဟူသောသီချင်းဖြင့်ဖျော်ဖြေကြသည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စု ဝန်ကြီးသည် စာသင်ခန်းအလိုက် ကျောင်းအပ်လက်ခံနေမှုများကို လိုက်လံကြည့်ရှုအားပေး၍ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံမြို့ (ဝမ်နားခမ်း)အခြေခံပညာ အလယ်တန်းကျောင်း၊ အမှတ်(၄)အခြေခံပညာအထက်တန်း‌ကျောင်း၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းအပ်နှံကြသည့် ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းအပ်လက်ခံပေးကြသည့် ဆရာ ဆရာမများကို ရင်းရင်းနှီးနှီး အားပေး နှုတ်ဆက်ကာ ဇွန်လကျောင်းဖွင့်ချိန်တွင် ကျောင်းများအဆင်သင့်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးနှင့် အဆောက်အအုံ ပြင်ဆင်ထိန်းသိမ်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ကျိုင်းတုံပညာရေးဒီဂရီကောလိပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ အဆိုပါကောလိပ်၌ ဖွင့်လှစ်ထားသည့်ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း(Dip.EP) စာမေးပွဲတွင် ဆရာ ဆရာမများ အေးချမ်းစွာဖြေဆိုနေမှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက်  ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၊ ပညာဗိမာန်ခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip-EP) တက်ရောက် သင်ကြားသင်ယူနေကြသည့် သင်တန်းသူ သင်တန်း သားများနှင့်တွေ့ဆုံကာ  လိုအပ်သည်များ မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံတက္ကသိုလ်သို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ ပါမောက္ခ(ဌာနမှူး)များနှင့် တွေ့ဆုံကာ မကြာမီ ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ဆရာ ဆရာမများအနေဖြင့် မိမိတို့ သင်ကြားရမည့် ဘာသာရပ်များကို ပိုင်ပိုင်နိုင်နိုင် ပို့ချနိုင်ရေးအတွက် ပြင်ဆင်ကြိုးစားကြစေလိုကြောင်း၊ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ပညာတတ်လူငယ်များ ပေါများကြစေရေးအတွက် အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း‌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။