မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ငွေရတုသဘင်အခမ်းအနား ကျင်းပ

 

ရန်ကုန် ၂၀၂၄ ဩဂုတ် ၂၃

 

မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ငွေရတုသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ငွေရတုအထိမ်းအမှတ် တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

 

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက သင်ကြားရေးနှင့် သင်ယူရေးအဖွဲ့၏ လုပ်ငန်းစဉ်တွင် အခြေခံပညာနှင့် အဆင့်မြင့်ပညာတို့တွင် ခေတ်နှင့်လျော်ညီသော သင်ရိုးများနှင့် သင်ပြနည်းများကို သုံးသပ်ခြင်း၊ တက္ကသိုလ်ဆရာ ဆရာမများ အရည်အသွေးမြင့်မားရေးနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးတွင် အထောက်အကူပေးခြင်း၊ သုတေသနလမ်းညွှန်မှုပေးရေးအဖွဲ့၏ လုပ်ငန်းစဉ်တွင် အဆင့်မြင့်ပညာကဏ္ဍ၌ သုတေသနလမ်းညွှန်မှုပေးခြင်း၊ သုတေသနပြုနိုင်မည့် အခွင့်အရေးများ ဖန်တီးပေးခြင်း၊ သုတေသနပညာရှင်များ ပြုစုပျိုးထောင်ပေးခြင်း၊ ပညာဖြန့်ဖြူးရေးနှင့် ပညာပြန့်ပွားရေး လုပ်ငန်းစဉ်တွင် သတင်းအချက်အလက် ဖြန့်ဖြူးရေးနည်းပညာ (Information Technology) နှင့် ကွန်ပျူတာနည်းပညာများ အသုံးပြုနိုင်အောင် လမ်းညွှန်ပေးခြင်း၊ သုတေသီများ၏ စာအုပ်၊ စာတမ်းများကို ပုံနှိပ်ထုတ်ဝေခွင့် ဖန်တီးပေးခြင်း၊ ပညာရပ်ဆိုင်ရာ စာအုပ်များကို ဘာသာပြန်ဆိုခြင်း၊ ပြည်တွင်း၊ ပြည်ပပညာရှင်ကြီးများအား ဖိတ်ခေါပြီး ပညာပေးဟောပြောပွဲများကျင်းပခြင်း၊ ပညာရှင်များ ပြုစုပျိုးထောင်ရေး လုပ်ငန်းစဉ်တွင် ဘာသာရပ်အသီးသီးမှ ထူးချွန်သုတေသီများနှင့် ပညာရှင်များအား ဆုချီးမြှင့်ခြင်း၊ ပညာသင်ဆုနှင့် ထောက်ပံ့ကြေးများ ပေးခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း။

 

မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့က ရည်မှန်းချက်များ၊ အဖွဲ့အစည်းများ၊ တာဝန်များကို ချမှတ်ပြီးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံပညာရှင်အဖွဲ့ (၂၅)နှစ်ခရီးတွင် စာတမ်းရှင် ၄၄၅ ဦးကို ဆုများချီးမြှင့် နိုင်ခဲ့သည့်အတွက် ပညာရည်မြှင့်တင်ရေးအတွက် အထောက်အကူဖြစ်စေပါကြောင်း၊ သုတေသနညီလာခံများမှ အရည်အသွေးပြည့်မီသော စာတမ်းများကို သုတေသနဂျာနယ် နှစ်စဉ်ထုတ်ဝေခဲ့ရာ ယခုအချိန်ထိ ဘာသာရပ်ပေါင်းစုံ ဂျာနယ်အတွဲ ၁၉ တွဲကို ပုံနှိပ်ထုတ်ဝေထားပြီးဖြစ်သည်ကို တွေ့ရပါကြောင်း၊ ပညာပြန့်ပွားရေးအတွက် ပညာရှင်အမှုဆောင်အဖွဲ့ဝင်များက ရေးသားထုတ်ဝေ ဖြန့်ချိခဲ့သည့် စာအုပ် ၂၆ အုပ်ရှိပါကြောင်း၊ ထပ်မံပြီးမြန်မာနိုင်ငံဝိဇ္ဇာ သိပ္ပံပညာရှင်အဖွဲ့ဆု (Myanmar Academy of Arts and Science Award) ကို တင်သွင်းခဲ့သည့် ပါရဂူကျမ်းများထဲမှ ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်တို့တွင် စတင်ချီးမြှင့်နိုင်ခဲ့ပါကြောင်း၊ ဝိဇ္ဇာသိပ္ပံပညာရှင်အဖွဲ့၏ ၂၅ နှစ်ခရီး အတွင်း ပညာရှင်အဖွဲ့ဆုရ ကျမ်းပေါင်း ၁၁၄ ကျမ်းရှိသည်ဟု သိရကြောင်း။

 

နိုင်ငံတော်စဉ်ဆက်မပြတ် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံနှင့် အဆင့်မြင့်ပညာရေး၏ အခန်းကဏ္ဍမှ အားသွန်ခွန်စိုက် ကြိုးပမ်းကြရာတွင် အဆင့်မြင့်ပညာ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၏ ပညာရည် မြင့်မားရေးမှာ လွန်စွာအရေးကြီးပါကြောင်း၊ ပညာရည်မြင့်မားရန် သင်ကြားသင်ယူခြင်း သက်သက်မျှသာမက အသစ်အသစ်သော အတတ်ပညာများကို ရှာဖွေခြင်း၊ တီထွင်ဖန်တီးခြင်း၊ ထုတ်လုပ်ခြင်း၊ လက်တွေ့အသုံးချခြင်းတို့ ပြုလုပ်ရန် လိုအပ်ပါကြောင်း၊ ယင်းသို့ ပညာရည်မြှင့်တင်ရေး လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များအဖွဲ့က တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက ရိုးရာအကအလှအပများဖြင့် ဖျော်ဖြေကြသည်။

 

ယင်းနောက် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသက်လွင်က နှုတ်ခွန်းဆက် စကားပြောကြားသည်။

 

ဆက်လက်၍ ဒေါက်တာတင်ညိုနှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်ကျော်တို့က ပညာရှင်ကြီးများ၏ ဦးဆောင်မှုဖြင့် ပညာရည်မြင့်မားသော လူ့စွမ်းအားအရင်းအမြစ် ဘွဲ့ရပညာတတ်များအား လေ့ကျင့်ပျိုးထောင်ပေးခဲ့ပုံကို ဗီဒီယိုမှတ်တမ်းများဖြင့် တင်ပြကြသည်။

 

ထို့နောက် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူးများက ပညာရှင်ကြီးများအား ဂါရဝပြုဂုဏ်ပြုငွေ ပေးအပ်ရာ ဝိဇ္ဇာဘာသာရပ်၊ သိပ္ပံဘာသာရပ်၊ အခြားဘာသာရပ်တို့မှ ပညာရှင်ကြီးများက ဝမ်းမြောက်ကြည်နူးဖွယ် စကားပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မရမ်းကုန်းမြို့နယ် အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ အင်းစိန်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းများသို့ ရောက်ရှိကာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနေမှုများကို ကြည့်ရှုအားပေးပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပရဝဏ်အတွင်း သန့်ရှင်းသာယာ‌ရေး ဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့‌ကြောင်း သိရသည်။