ရန်ကုန် ၂၀၂၄ ဩဂုတ် ၂၄
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ဘူရီယမ်မြို့တွင် ဩဂုတ် ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေး၊ (၇)ကြိမ်မြောက် အာဆီယံ အပေါင်း ၃ နိုင်ငံများ ပညာရေးဝန်ကြီးများ အစည်းအဝေးနှင့် (၇)ကြိမ်မြောက် အရှေ့အာရှ ပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ယနေ့နံနက် ၆ နာရီတွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ရန်ကုန်တိုင်း အခြေခံပညာဦးစီးဌာန တိုင်းပညာရေးမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ လိုက်ပါသွားကြသည်။
အဆိုပါ အစည်းအဝေးကို “ဒစ်ဂျစ်တယ်ခေတ် ပညာရေးအသွင်ကူးပြောင်းရေး” ဟူသော ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။