ရန်ကုန် ၂၀၂၄ ဩဂုတ် ၂၇
(၁၃) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေး၊ (၇)ကြိမ်မြောက် အာဆီယံအပေါင်း ၃ နိုင်ငံများ ပညာရေးဝန်ကြီးများ အစည်းအဝေးနှင့် (၇)ကြိမ်မြောက် အရှေ့အာရှ ပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေ ၆ နာရီတွင် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ရန်ကုန်တိုင်း အခြေခံပညာဦးစီးဌာန တိုင်းပညာရေးမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
“ဒစ်ဂျစ်တယ်ခေတ် ပညာရေးအသွင်ကူးပြောင်းရေး” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသော (၁၃) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များကို ထိုင်းနိုင်ငံ ဘူရီယမ်မြို့တွင် ဩဂုတ် ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။