နေပြည်တော် နိုဝင်ဘာ ၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငပုတောမြို့နယ် ရွှေမြကွင်း အခြေခံပညာအလယ်တန်းကျောင်းနှင့်ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ဆရာ ဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ကျောင်းစာကြည့်တိုက်သို့သွားရောက်၍ ကျောင်းသား ကျောင်းသူများ ကျောင်းစာကြည့်တိုက်ကို အကျိုးရှိထိရောက်အောင် အသုံးပြုနိုင်ရေးဆောင်ရွက်ရန်၊ ဘာသာရပ်အလိုက် စာအုပ်များ ပြည့်စုံစွာထားရှိရန် မှာကြားကာ ကျောင်းစာကြည့်တိုက်စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ငပုတောမြို့နယ် ပညာရေးမှူးရုံး ဆောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ အဆောက်အအုံ အရည်အသွေးကောင်းမွန်ရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး၊ သတ်မှတ်ချိန်ကာလအတွင်း ပြီးမြောက်ရေးတို့ကိုမှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ငပုတောမြို့နယ် အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း (တောင်ပိုင်း)၊ သမ္မာဒေဝကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)၊ တောင်ကလေး အခြေခံပညာ အထက်တန်းကျောင်းနှင့် ကျုံကူးအခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေး၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည် ကြည့်ရှုအားပေးစကားပြောကြားသည်။
ထို့နောက် ဆရာ ဆရာမများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ သင်ကြားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာများ၊ တည်ဆောက်ရေး၊ ကျောင်းဆောင်ပြင်ဆင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများနှင့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြား၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။