နေပြည်တော်၂၀၂၄ နိုဝင်ဘာ ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဝါးခယ်မမြို့နယ် ရွှေလောင်း အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက် ကြည့်ရှု စစ်ဆေးပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး၊ သင်ကြားရေးဆိုင်ရာများနှင့် စီမံမှုဆိုင်ရာများ အရည်အသွေးတိုးတက်ကောင်းမွန်စေရေးမှာကြားကာ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ဝါးခယ်မမြို့နယ် ငှက်ပျောစုကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၊ ကျုံမငေးမြို့ စက်ရုံ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကျုံမငေးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ လမ်းသမိုင်ရွာလေး အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၊ ဝါးခယ်မမြို့နယ် တိုးချဲ့မြို့သစ် သံကြိုးတိုင်ရပ်ကွက် အခြေခံပညာ မူလတန်းလွန်ကျောင်း၊ ဝါးခယ်မမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် သင်ကြား၊ သင်ယူနေမှုအခြေအနေများ၊ ကျောင်းနှင့်ဝန်းကျင်ဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သိပ္ပံလက်တွေ့ခန်းများကို ကြည့်ရှုစစ်ဆေး၍ စာသင်ခန်းအတွင်း ကျောင်းသား ကျောင်းသူများနှင့် ဘာသာရပ်ဆိုင်ရာ သင်ကြားတတ်မြောက်မှုအခြေအနေများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ဆရာ ဆရာမများအနေဖြင့် နိုင်ငံတော်အတွက် လိုအပ်သည့် အသိပညာ၊ အတတ်ပညာများနှင့်ပြည့်စုံသည့် နိုင်ငံ့သားကောင်း/ သမီးကောင်းများ ပေါ်ထွက်လာအောင် မိမိတို့ဘာသာရပ်အလိုက် ပြုစုပျိုးထောင်သင်ကြားပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။