နေပြည်တော် ၂၀၂၅ မေ ၂၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းအပ်နှံနေကြသည့် ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းဖွင့်ချိန်အမီ ဆောင်ရွက်နေသည့် ယာယီစာသင်ဆောင်များ၊ ပြုပြင်တည်ဆောက်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းမြို့ မီးရထားရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်းခွဲ၊ (ရွာထောင်)အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ (ချင်းစု)အခြေခံပညာ အလယ်တန်းကျောင်းခွဲနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံနေကြသည့် ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် ကျောင်းဖွင့်ချိန်အမီ ယာယီစာသင်ဆောင် တည်ဆောက်ပြီးစီးမှုအခြေအနေ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု၊ စာသင်ခန်းအတွင်း ပြင်ဆင်ထားရှိမှု၊ စာရိတ္တနှင့် ပြည်သူနီတိ၊ အနုပညာ၊ ကာယပညာနှင့် စာကြည့်တိုက်အပါဝင် ဘာသာရပ်အလိုက် စာသင်ချိန် သတ်မှတ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် မန္တလေးမြို့ ရတနာပုံတက္ကသိုလ်၊ မန္တလာတက္ကသိုလ်တို့သို့ သွားရောက်၍ ဆရာဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်လက်ခံဆောင်ရွက်နေမှုအခြေအနေ၊ ကျောင်းဖွင့်ချိန်မီ သင်ကြား၊ သင်ယူမှုအတွက် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ချမ်းမြသာစည်မြို့နယ် အမှတ်(၃၁)အခြေခံ ပညာအထက်တန်းကျောင်း၊ ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၂၇)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ မန္တလေးပညာရေးဒီဂရီကောလိပ် လေ့ကျင့်ရေးအလယ်တန်း ကျောင်း၊ ပုသိမ်ကြီးမြို့နယ် အုန်းချောအခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်၍ ကျောင်းအပ်နှံကြသည့် ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ၊ တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးကာ လိုအပ်သည်များကို ဖြည်းဆည်းဆောင်ရွက်ပေးသည်။