နေပြည်တော် ၂၀၂၄ သြဂုတ် ၂၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၉ နာရီတွင် Buriram Chang Arena ၌ ကျင်းပသည့် (၇) ကြိမ်မြောက် အာဆီယံ + ၃ နိုင်ငံ အစည်းအဝေးကို တက်ရောက်သည်။
အဆိုပါ အစည်းအဝေးကို ‘‘ဒစ်ဂျစ်တယ်ခေတ် ပညာရေးအသွင်ကူးပြောင်းရေး” ခေါင်းစဉ်ဖြင့် ကျင်းပရာ သဘာပတိအဖြစ် ထိုင်းနိုင်ငံကဆောင်ရွက်ပြီး အာဆီယံနိုင်ငံများနှင့် + ၃ နိုင်ငံများ ဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများ၏ ဒစ်ဂျစ်တယ်ပညာရေးစနစ် ဆောင်ရွက်နေမှုများ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ဆွေးနွေးကြပြီး အာဆီယံဒုတိယအတွင်းရေးမှူးချုပ်က အာဆီယံ + ၃ နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒစ်ဂျစ်တယ်ပညာရေးစနစ် ပူးပေါင်းဆောင်ရွက်ခဲ့မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရန်နှင့် အာဆီယံနိုင်ငံများအားလုံးမှ နိုင်ငံအလိုက် ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက် ကြရန် တိုက်တွန်းပြောကြားသည်။ အဆိုပါအစည်းအဝေးမှ ပူးတွဲကြေညာချက်တစ်ရပ်ကို ဆွေးနွေးအတည်ပြုခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ (၇)ကြိမ်မြောက် အရှေ့အာရှပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးကို ဆက်လက်ကျင်းပရာ အရှေ့အာရှ ဆွေးနွေးဖက်နိုင်ငံများဖြစ်ကြသည့် ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ကိုရီးယား၊ ရုရှား၊ အမေရိကန်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံအလိုက် ဒစ်ဂျစ်တယ်ပညာရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အာဆီယံဒုတိယအတွင်းရေးမှူးချုပ်က အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ဒစ်ဂျစ်တယ်ပညာရေးစနစ် ပူးပေါင်းဆောင်ရွက်မှုများကို အကြံပြုချက်များနှင့်အညီ ဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားသည်။ ယခုအစည်းအဝေးမှ ပူးတွဲ ကြေညာချက်တစ်ရပ်ကို အတည်ပြုခဲ့ကြပြီး စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကြသည်။
အစည်းအဝေးအပြီးတွင် အိမ်ရှင်ထိုင်းနိုင်ငံက ခင်းကျင်းပြသထားသော ပညာရေးပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။