ရန်ကုန် ၂၀၂၄ ဩဂုတ် ၁၇
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသူများ ကဗျာလွတ်အကလေ့ကျင့်နေမှု၊ Language Lab၊ ဓာတုဗေဒလက်တွေ့ခန်း၊ ရူပဗေဒလက်တွေ့ခန်း၊ ဇီဝဗေဒလက်တွေ့ခန်းများတွင် လက်တွေ့သင်ယူ လေ့ကျင့်နေကြသည့် ကျောင်းသား ကျောင်းသူများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ စာသင်ခန်းများနှင့် ကျောင်းစာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးပြီး စာကြည့်တိုက်ယဉ်ကျေးမှုဖြင့် ကျောင်းသား ကျောင်းသူများ အသိပညာတိုးပွားစေရေးနှင့် လိမ္မာ ယဉ်ကျေးမှုရှိစေရေး၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိရေး လေ့ကျင့်ပျိုးထောင်ပေးရန် တာဝန်ရှိသူများအား မှာကြားပြီးကျောင်း Canteen အတွင်းရှိ စားသောက်ဆိုင်များကို ကြည့်ရှုစစ်ဆေးကာ အစားအသောက်များ ကျန်းမာရေးနှင့် ညီညွတ်စေရေး၊ သန့်ရှင်းမှုရှိစေရေး မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်ကုန်အဝေးသင်တက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့် တွေ့ဆုံ၍ အဝေးသင်ပညာရေး သင်တန်းများကို နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ် ၄၂ ခုတွင် ဖွင့်လှစ်ပို့ချ သင်ကြားလျက်ရှိပါကြောင်း၊ အဝေးသင်ပညာရေး သင်ကြားသင်ယူမှု၊ စာမေးပွဲစစ်ဆေးမှုများ၌ One campus Two systems စနစ်ကို ကျင့်သုံးလျက်ရှိရာ အားသာချက်၊ အားနည်းချက်များ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ကျောင်းဝင်မှတ်ပုံတင်ခြင်း၊ ကျောင်းလခ ပေးသွင်းခြင်း ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အဆင်ပြေစေရန် အွန်လိုင်း၊ မိုဘိုင်းမှ ငွေပေးသွင်းသည့်စနစ်ကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စတင်ကျင့်သုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အွန်လိုင်းဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများမှာလည်း စနစ်တကျ စီစဉ်ကြီးကြပ် ဆောင်ရွက်ပါက ထိရောက်အောင်မြင်သဖြင့် အားပေးဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ အဝေးသင်တက္ကသိုလ် ကျောင်းသား ကျောင်းသူများ အမှန်တကယ်စာတတ်မြောက်အောင် သင်ကြားပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခများက တက္ကသိုလ်တွင် ဖွင့်လှစ်ပို့ချလျက်ရှိသည့် အွန်လိုင်းသင်တန်းများနှင့် စပ်လျဉ်း၍ တင်ပြကာ အဝေးသင်ပညာရေး တိုးတက်ရေးကိစ္စရပ်များကို အကြံပြုဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးတို့သည် ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့်အတူ ကမာရွတ်မြို့နယ် သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိက အဆင့်မြင့်ပညာကျောင်း တည်ထောင်သူများ၊ အုပ်ချုပ်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ပုဂ္ဂလိကကျောင်းများ တက္ကသိုလ်အဆင့်၊ ကောလိပ်အဆင့်၊ စင်တာအဆင့် မှတ်ပုံတင်ခွင့်ရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ၊ အမိန့်ကြော်ငြာစာများကို ထုတ်ပြန်ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ တက္ကသိုလ်အဆင့် မှတ်ပုံတင်ခွင့်ရရှိရန် ပညာရပ် (Academic) ပိုင်း၊ လူ့စွမ်းအားအရင်းအမြစ် (Human Resources) နှင့် အခြေခံအဆောက်အအုံ (Infra-structure) ပိုင်းဆိုင်ရာ သတ်မှတ်ချက်များ ပြည့်မီရမည် ဖြစ်ပါကြောင်း၊ ကိုယ်ပိုင်ကျောင်းအချို့၏ သင်တန်းကြေးများ မြင့်မားနေမှုကြောင့် သင့်တင့်မျှတသော နှုန်းထားတစ်ခု သတ်မှတ်ဆောင်ရွက်ရေးအတွက် ညှိနှိုင်းဆွေးနွေး ထားရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် လူမှုရေးရာဝန်ကြီးက ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများ စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် ကိစ္စရပ်များကို ပြောကြားသည်။
ထို့နောက် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများမှ တက်ရောက်လာသော ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဒုတိယဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကာ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။