ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် Naypyitaw State Academy ၏ သင်ကြားရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ၂၀၂၄ ဩဂုတ် ၂၆

 

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် Naypyitaw State Academy သို့ရောက်ရှိပြီး ဆေးပညာမဟာဌာန လက်တွေ့ခန်းများ၌ လက်တွေ့ခန်းသုံးပစ္စည်းများ ဖြည့်ဆည်းထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြားသင်ယူမှုဆိုင်ရာ အရည်အသွေးတိုးတက် မြင့်မားရေးအတွက် အကျိုးရှိထိရောက်စွာ အသုံးချဆောင်ရွက်ရန် မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စာသင်ခန်းများတွင် တက္ကသိုလ် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေမှုများကို လှည့်လည်ကြည့်ရှု၍ အားပေးစကားပြောကြားပြီး သတ္တဗေဒဌာနက ဆောင်ရွက်လျက်ရှိသော ယင်ကောင်အမည်းများမှ သားလောင်းအကောင်ကြီးများ သားဖောက်မွေးမြူ၍ ကြက်စာအဖြစ်အသုံးပြုကာ ဒေသတွင်း ကြက်များ၏ ကြီးထွားနှုန်းနှင့် ဥထွက်နှုန်း သုတေသနပြုစမ်းသပ်မှုကို လေ့လာအကြံပြုအားပေး သည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် ကျောင်းသား ကျောင်းသူများ ပန်းချီပြိုင်ပွဲကျင်းပနေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။