၅ ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံများမှ ပညာရေးဝန်ကြီးများအစည်းအဝေးနှင့် ၅ ကြိမ်မြောက် အရှေ့အာရှ ပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၁ အောက်တိုဘာ ၁

၅ ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံများမှ ပညာရေးဝန်ကြီးများအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် ယနေ့ နံနက် ၉:၃၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ ဖိလစ်ပိုင်သမ္မတ H.E. Rodrigo Roa Duterte က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဖိလစ်ပိုင်ပညာရေးဝန်ကြီး H.E. Leonor Magtolis Briones က ဖွင့်ပွဲအပိတ်မိန့်ခွန်းပြောကြားသည်။ ဆက်လက်၍ အစည်းအဝေးကို ကျင်းပရာ ဖိလစ်ပိုင်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့က သဘာပတိနှင့် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ကြသည်။ အစည်းအဝေးတွင် အာဆီယံ ၁၀ နိုင်ငံနှင့် အပေါင်း ၃ နိုင်ငံများဖြစ်ကြသော တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ပညာရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့က အသီးသီးမိန့်ခွန်းပြောကြားကာ ပညာရေးဖွံ့ဖြိုးတိုးတက်ရေး အတွေ့အကြုံများကို အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။ ဆက်လက်၍ ၅ ကြိမ်မြောက် အာဆီယံ+၃ ပညာရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက်ကို ဆွေးနွေး အတည်ပြုထုတ်ပြန်ခဲ့သည်။ အဆိုပါ ပူးတွဲ ကြေညာချက်တွင် အာဆီယံ+၃ ပညာရေးစီမံကိန်း (၂၀၁၈-၂၀၂၅)နှင့် အာဆီယံပညာရေး စီမံကိန်း (၂၀၂၁-၂၀၂၅) ကို ချိတ်ဆက် ပူးပေါင်းအကောင် အထည်ဖော်ရေး၊ အာဆီယံအပေါင်း ၃ နိုင်ငံများက အာဆီယံ တက္ကသိုလ်များကွန်ယက်နှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်ရေး၊ ပညာတော်သင်ဆုများ တိုးမြှင့်ချီးမြှင့်ရေးနှင့် အရည်အသွေး အာမခံမှုပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များကို ညှိနှိုင်းသဘောတူညီခဲ့ကြသည်။ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေးသည် နိုင်ငံတော်၏ ဦးစားပေး လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ စည်းမျဉ်းများကို လိုက်နာလျက် အခြေခံပညာကျောင်းအားလုံးကို ယခုနှစ်ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်ရောဂါ တတိယလှိုင်းရိုက်ခတ်မှုကြောင့် ဇူလိုင်လ ၉ ရက်နေ့တွင် ခေတ္တပြန်လည် ပိတ်ခဲ့ရပါကြောင်း၊ ထို့ကြောင့် ကျောင်းသင်ခန်းစာများကို ပညာရေးရုပ်မြင်သံကြား ချန်နယ်လိုင်းမှ တစ်နေ့လျှင် ၈ နာရီထုတ်လွှင့်ပို့ချပေးလျက်ရှိပါကြောင်း၊ ယခုအခါ ကူးစက်မှုနှုန်းသိသာစွာ ကျဆင်းလာပြီ ဖြစ်သဖြင့် အောက်တိုဘာလ ၂၄ ရက်နေ့ နောက်ပိုင်းတွင် ကျောင်းများကိုပြန်လည်ဖွင့်လှစ်နိုင်မည် ဖြစ်ပါကြောင်း၊ အသက် ၁၂ နှစ် အထက် ကျောင်းသားများအား ဆီနိုဗက် ကာကွယ်ဆေး ထိုးနှံပေးရန် စီစဉ်လျက်ရှိပါကြောင်း၊ တက္ကသိုလ် နောက်ဆုံးနှစ်နှင့် ဘွဲ့လွန်သင်တန်းများကိုလည်း မေလ ၅ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဇူလိုင်လတွင် စာမေးပွဲများ ကျင်းပပြီးစီးပါကြောင်း၊ ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းသာယာရေးအတွက် သော့ချက် ဖြစ်သဖြင့် လူတိုင်းစာတတ်မြောက်ရေး၊ အနည်းဆုံး မူလတန်းနှင့် အလယ်တန်းပညာရေး ပြီးဆုံးရေး၊ နိုင်ငံတွင် ပညာတတ်များ ပေါများရေးကို နိုင်ငံတော်က ဦးတည်ချက်ချမှတ်ကာ အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ကျောင်းသားများ၏ သင်ယူမှုရလဒ်ကောင်းများ ပေါ်ထွက်ရေးအတွက် ဆရာများအား အရည်အသွေးမြှင့်တင်ရေး သင်တန်းများ ပို့ချပေးခဲ့ပါကြောင်း၊ ဘီအီးဒီပညာရေးဘွဲ့ သင်တန်းများသို့ ဆရာအရေအတွက် တိုးမြှင့်တက်ရောက် နိုင်ရေးကိုလည်း စီစဉ်ထားပြီး ဖြစ်ပါကြောင်း၊ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရေးနှင့် ဥပဒေ ဗဟုသုတ တိုးပွားစေရေးအတွက် စီးပွားရေးပညာဘွဲ့နှင့် ဥပဒေပညာဘွဲ့ သင်တန်းများကို တိုးချဲ့ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း၊ စာကြည့်တိုက်များ အဆင့်မြှင့်တင်သွားမည်ဖြစ်သကဲ့သို့ အသုံးချဘာသာရပ်များနှင့် ဘက်စုံလွှမ်းခြုံသော တက္ကသိုလ်ပညာရပ်များ သင်ယူလေ့လာနိုင်ရေး၊ ကျောင်းသား ဖလှယ်ရေးနှင့် ပညာတော်သင် စေလွှတ်ရေးအစီအစဉ်များကို အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။ ၅ ကြိမ်မြောက် အရှေ့အာရှပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးကို မွန်းလွဲ ၁ နာရီတွင် ကျင်းပရာ ဖိလစ်ပိုင်နိုင်ငံ ပညာရေးဝန်ကြီးက သဘာပတိအဖြစ် ဆောင်ရွက်သည်။ အာဆီယံ ၁၀ နိုင်ငံမှ ပညာရေးဝန်ကြီးများ၊ အရှေ့အာရှနိုင်ငံများ ဖြစ်ကြသည့် တရုတ်၊ ကိုရီးယား၊ ဂျပန်နှင့် အာဆီယံ ဆွေနွေးဖက်နိုင်ငံများဖြစ်ကြသည့် ဩစတြေးလျ၊ အိန္ဒိယ၊ နယူးဇီလန်၊ ရုရှား၊ အမေရိကန်ပြည်ထောင်စုမှ ပညာရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်တို့က ပညာရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။ ၅ ကြိမ်မြောက် အရှေ့အာရှ ပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေး၏ ပူးတွဲ ကြေညာချက် ကို ထုတ်ပြန်ရာတွင် အာဆီယံပညာရေး ပြန်လည်အားကောင်းရေး မူဘောင်အရ ၂၁ ရာစုစွမ်းဆောင်ရည်များနှင့် ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှုများ ရရှိစေရန် နည်းပညာ အသုံးပြုသင်ကြားရေး နည်းလမ်းများ၊ ကျောင်းသားဖလှယ်ရေး အစီအစဉ်များ၊ ပညာသင်ဆု ချီးမြှင့်မည့် အစီအစဉ်များ၊ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာနှင့် သက်မွေးပညာတို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံနှင့် အရှေ့အာရှနိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ကိစ္စရပ်များကို ဆွေးနွေးအတည်ပြုခဲ့ကြကြောင်း သတင်းရရှိသည်။