၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသားကျောင်းသူများ ထိုင်းနိုင်ငံလေ့လာရေးခရီးသွားရောက်

နေပြည်တော် ၂၀၂၂ ဇူလိုင် ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲ၊သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲများတွင် မြန်မာတစ်နိုင်ငံလုံး အမှတ် အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူ ၃၃ ဦးသည် ကြီးကြပ်သူ ဆရာ ဆရာမများ၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှထိုင်းနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြရာ ဒေသစံတော်ချိန်နံနက် ၈ နာရီ ၅ မိနစ်တွင် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများကကြိုဆိုကြကာ မော်တော်ယာဉ်များဖြင့် မြဘုရားသို့သွားရောက် ဖူးမြော်ကြသည်။

ထိုမှတစ်ဆင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ရောက်ရှိရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြကာ လေ့လာရေးခရီးစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ထူးချွန်ကျောင်းသား ကျောင်းသူများလေ့လာရေးအဖွဲ့ကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံသည်။ ယင်းနောက် ထူးချွန်ကျောင်းသား ကျောင်းသူများအဖွဲ့သည် Siam Paragon ရှိ Siam Ocean World သို့သွားရောက် ကြည့်ရှုလေ့လာကြသည်။

ဆက်လက်၍ Madame Tussauds Museum သို့သွားရောက်လေ့လာကာ အဆိုပါပြတိုက်၌ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက် Holiday Inn Hotel သို့ရောက်ရှိ ခေတ္တအနားယူကြပြီး Asiatique သို့ သွားရောက်လည်ပတ်ကြရာ Chao Phraya River Cruise စီး၍ မြစ်ကြောင်းတစ်လျှောက် လှည့်လည်ကြည့်ရှုကြသည်။

ထူးချွန်ကျောင်းသား ကျောင်းသူများ လေ့လာရေးအဖွဲ့သည် ဇူလိုင် ၅ရက်တွင် ထိုင်းနိုင်ငံရှိ ASSUMPTION University သို့ သွားရောက်လေ့လာကာ ပတ္တရားကမ်းခြေသို့ ဆက်လက် သွားရောက်ပြီး ပတ္တရားကမ်းခြေတွင် အပန်းဖြေကြသည်။ ဆက်လက်၍ ပတ္တရားရေပေါ်ဈေးနှင့် တောင်ပေါ်ဘုရားများသို့ သွားရောက်လေ့လာခဲ့ကြသည်။ ယင်းနောက် ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာ၍ Baiyoke Tower ပေါ်တွင်ဘန်ကောက်မြို့၏ ညရှုခင်းကို ကြည့်ရှုကြသည်။ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာတွဲအသီးသီးတွင် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ထူးချွန်ကျောင်းသားကျောင်းသူများကို ချီးမြှင့်ဂုဏ်ပြုသည့် အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ လမ်းညွှန်ချက်နှင့်အညီ ပညာရေးဝန်ကြီးဌာနက ပြည်ပနိုင်ငံအတွေ့အကြုံကောင်းများရရှိရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှင်သန် ထက်မြက်စေရေးအတွက် စီစဉ်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။