၂၀၂၁ ခုနှစ် တရုတ်-အာဆီယံပညာရေးပူးပေါင်းဆောင်ရွက်မှုရက်သတ္တပတ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်၊ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၄

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကွေ့ကျိုး ပြည်နယ် တို့ပူးပေါင်း၍  တရုတ်-အာဆီယံပညာရေးပူးပေါင်း ဆောင်ရွက်မှုရက်သတ္တပတ် (2021) ဖွင့်ပွဲအခမ်းအနားကို ကွေ့ကျိုးပြည်နယ်၊ ကွေ့ရန်မြို့တွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ကွေ့ကျိုးပြည်နယ် အုပ်ချုပ်ရေးကော်မတီ ဒုတိယအထွေထွေအတွင်းရေးမှူး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရေးဝန်ကြီးတို့က ဖွင့်ပွဲမိန့်ခွန်းပြောကြားကြကာ အာဆီယံနိုင်ငံများမှ ပညာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် သံအမတ်ကြီးများ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် တို့က Online မှ Video Message ဖြင့် ဂုဏ်ပြုမိန့်ခွန်းပြောကြားကြပြီး ကွေ့ကျိုးပြည်နယ် အုပ်ချုပ်ရေး ကော်မတီ အတွင်းရေးမှူး က ၂၀၂၁ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ်ကို ဖွင့်လှစ်ပေးပါသည်။

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ တို့က ၂၀၂၁ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ် အခမ်းအနား အတွက် ဂုဏ်ပြုမိန့်ခွန်းများကို Video  Message ဖြင့် ပြောကြားကြပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

၂၀၂၁ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှုရက်သတ္တပတ်တွင် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများအဖြစ် ဆေးပညာ၊ စိုက်ပျိုးရေး၊ စီးပွားရေးပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာနှင့်သက်မွေးပညာ၊ ဆန်းသစ်တီထွင်မှုနှင့် စက်မှု နည်းပညာဆိုင်ရာ ဆွေးနွေးပွဲများနှင့်အတူ အခြေခံပညာကျောင်းအုပ်ကြီးများ၏ စကားဝိုင်း ဆွေးနွေးပွဲများကို စက်တင်ဘာလ ၂၄ ရက်မှ ၂၆ ရက်အထိ Online ဖြင့် ကျင်းပလျက်ရှိကြောင်း သိရသည်။