၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်

ကျောင်းအနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူ ပပျောက်ရေး ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး

 

 

 

 

ပညာရေး၀န်ကြီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး သီတင်းပတ်ကို ယခုနှစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် အခြေခံပညာ စာသင်ကျောင်း များတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ရာ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးသာမက ကျောင်းထွက်သူပပျောက်ရေးကိုပါ အထူးအလေးပေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ကျောင်းနေအရွယ် ကလေးများနှင့် လူငယ်များအတွက် အခြေခံပညာသင်ယူခွင့်ရရှိရန် ကျောင်းအပ်နှံမှု အခွင့်အလမ်းများရရှိပြီး ကျောင်းတက်နှုန်းမြင့်မားလာ စေရန်နှင့် အခမဲ့ပညာသင်ကြားရေး အကောင်အထည် ဖော်ရေးအတွက် ပညာရေး၀န်ကြီးဌာနက ရည်ရွယ်ဆောင်ရွက်နေခြင်းသည် မြန်မာ့ပညာရေးအတွက် ဂုဏ်ယူဖွယ် ပြယုဂ်တစ်ခုပင် ဖြစ်သည်။ ယခု ပညာသင်နှစ်အတွက် ကျောင်းအပ်နှံစဉ်တွင် သူငယ်တန်း (KG)မှ စတုတ္ထတန်း (Grade-4)အထိ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကျောင်း၀တ်စုံတစ်စုံစီ အခမဲ့ဖြန့်ဝေ ပေးမည်ဖြစ်ပြီး ကျောင်း၀တ်စုံကို လက်ခံ ရယူလိုသော ကျောင်းသား ကျောင်းသူများကိုသာ ဖြန့်ဝေပေးမည် ဖြစ်ကြောင်း သိရသည်။ ပထမတန်းမှ စတုတ္ထတန်းအထိ ကျောင်း၀တ်စုံအပြင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တစ်စုံနှင့် ဗလာစာအုပ်ခြောက်အုပ်စီကို အခမဲ့ဖြန့်ဝေပေးပြီး ပဉ္စမတန်းမှ ဒသမတန်းအထိ ကျောင်းသားအားလုံး အတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တစ်စုံစီ အခမဲ့ဖြန့်ဝေပေးမည်ဖြစ်သည်။ ယင်းသို့ ဖြန့်ဝေပေးရာတွင် သင်ရိုးသစ်ဖြင့် စတင်သင်ကြားမည့် ပထမတန်း (Grade-1) ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းသုံး ဖတ်စာအုပ်တစ်စုံစီ ရရှိမည်ဖြစ်သည်။ သင်ကြားသည့် ဘာသာရပ်များတွင် စာမေးပွဲဖြေဆိုရမည့် ဘာသာရပ် ငါးမျိုးရှိပြီး ကျန်ဘာသာရပ်များကိုလည်း တတ်မြောက်အောင် သင်ယူရမည်ဖြစ်ကြောင်း သိရသည်။ ပထမတန်း (Grade-1)ဘာသာရပ်များအတွက် ဗျည်းအက္ခရာ၊ ကိန်းဂဏန်းများ လေ့ကျင့်ရန်လက်ရေးကျင့်စာအုပ်ကိုပါ ဖြန့်ဝေ ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် ကျောင်းအပ်နှံရေးသီတင်းပတ် ဆောင်ရွက် နေစဉ်အတွင်း ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းအားလုံး သိရှိလိုက်နာ ရမည့်အချက်များ၊ မိဘများသို့ မေတ္တာရပ်ခံချက်များစသည့် အသိပေးလှုံ့ဆော်ခြင်းကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ဆရာ ဆရာမများနှင့် အမှုထမ်း၊ အရာထမ်းများအနေဖြင့် ငွေကြေးကောက်ခံခြင်း၊ ငွေကြေး၊ တံစိုးလက်ဆောင်ရယူခြင်း၊ ကျောင်းတံဆိပ်၊ အတန်းတံဆိပ်စသည်တို့နှင့် အခြားမည်သည်တို့ကိုမျှ ရောင်းချခြင်းမပြုရန်၊ ကျောင်းတတ်မှန်ပြီး စာသင်ချိန်အတွင်း အတန်း ၀င်ရောက်မှုများကာကျောင်းသား ကျောင်းသူများ တက်မြောက်မှုရှိအောင် သင်ကြားပို့ချခြင်းတို့ကို ဆောင်ရွက်ရန်နှင့် ကျောင်းသား ကျောင်းသူများ ကျောင်းတက်မှန်ရေး၊ ကျောင်းတွင်းဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါ၀င်ဆောင်ရွက်ရေး၊ ကျောင်းသား ကျောင်းသူများ ကျောင်းနေမြဲပြီး အကျင့်စာရိတ္တကောင်းမွန်ရေးတို့ကို မိဘနှင့်ဆရာ ပူးပေါင်းဆောင်ရွက်ပြီး လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ပြင် ဆရာ ဆရာမများ အရည်အသွေးတိုးတက်မြင့်မားရေးအတွက် သင်ယူမှုကို စိတ်၀င်စားပြီး သင်ယူလေ့လာခြင်းများကို အစဉ်ပြုလုပ်ကာ မိမိကျောင်းသား ကျောင်းသူများ၏ သင်ယူတတ်မြောက်မှုကို တိုးတက်မြင့်မားစေခြင်း၊ ကျောင်းဖွံ့ဖြိုးရေး ရန်ပုံငွေများကိုလည်း ကျောင်းသား ကျောင်းသူများ သင်ယူတတ်မြောက်မှုအတွက် အထောက်အကူဖြစ်စေမည့် ကျောင်းစာကြည့်တိုက်တို့တွင် စာအုပ်စာတမ်းများ ဖြည့်ဆည်းခြင်း၊ အားကစားအတွက် စားပွဲတင်တင်းနစ်၊ ဘောလုံး စသည့်အားကစားပစ္စည်းများ ဖြည့်ဆည်းခြင်း၊ မြစ်ကူးချောင်းခြားသော ကျောင်းများအတွက် သက်ကယ်အင်္ကျီများ ဖြည့်ဆည်းခြင်း၊ သင်ထောက်ကူပစ္စည်းများဖြင့် သင်ကြား သင်ယူမှုများ ရှိလာစေရန် စနစ်တကျစီမံခန့်ခွဲ အသုံးပြုဆောင်ရွက်သွား ရမည်ဖြစ်သည်။ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း အနှစ်ချုပ်စာအုပ်ပါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဥယျောဇဉ်တွင် ဖော်ပြထားသကဲ့သို့ အခြေခံပညာရေး နှင့်ပတ်သက်၍ ကလေးများအားလုံး မူလတန်း ၊ အလယ်တန်းနှင့်အထက်တန်းအဆင့် ပညာရေးကို အောင်မြင်စွာပြီးမြောက်ပြီး ဆီလျော်မှုရှိသော သင်ယူမှုဆိုင်ရာ တတ်ကျွမ်းမှုရရှိအောင် အတူတကွ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါသည်။ သို့မှသာ အခြေခံပညာရေးသည် ကလေးများအား နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး သို့မဟုတ် တက္ကသိုလ်ပညာကို ဆက်လက် သင်ယူနိုင်မည့် ခိုင်မာသည့် အသိပညာနှင့် ကျွမ်းကျင်မှုများကို ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။ ဆရာ ဆရာမများ စာသင်ခန်းခွဲရာတွင်လည်း (က)တန်း၊ (ခ)တန်းဟု ခွဲခြားသတ်မှတ်နိုင်သော်လည်း ကျောင်းသား ကျောင်းသူများ ကို တော်/သင့်/ညံ့ ခွဲခြား၍ အတန်းခွဲခြားခြင်းမျိုးမရှိစေရဘဲ အတူတွဲ၍အတန်းများကို ခွဲခြားသွားမည် ဖြစ်ကြောင်းသိရသည်။ အထူးသဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း သင်ယူ နိုင်မည့် အခွင့်အလမ်းမြင့်မားရေး၊ ကျောင်းသား ကျောင်းသူများ တတ်မြောက်မှု အရည်အသွေးတိုးမြှင့်ရေး၊ ဆရာ ဆရာမများ၏ အရည်အချင်း တိုးတက် မြင့်မားရေးကို ဆောင်ရွက်ရာတွင် မိဘ၊ ကျောင်းသား၊ ရပ်ရွာလူထုနှင့် ဆရာ ဆရာမများအတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိသည့် အပြင် အခမဲ့ပညာရေးစနစ် ကျင့်သုံးမှုနှင့်အတူ ကျောင်းသား အားလုံး အတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ပံ့ပိုးပေးခြင်း၊ မူလတန်းကျောင်းသားအားလုံးအတွက် ကျောင်း၀တ်စုံနှင့် ဗလာစာအုပ်များပံ့ပိုးပေးခြင်း၊ ကျောင်းလခ၊ မိဘဆရာ အသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးအပါအ၀င် မည်သည့် အခကြေးငွေကိုမျှ ကောက်ခံခြင်းမပြုရန်လည်း သတ်မှတ်ထားပါသည်။ ထိုသို့သော အကြောင်းအချက်များသည် မိသားစုများ၏ ပညာရေး ကုန်ကျစရိတ်များကို သိသာစွာ လျှော့ချပေးနိုင်ခြင်းကြောင့် မိဘပြည်သူများ၏ ကျယ်ကျယ်ပြန့်ပြန့် အားပေးထောက်ခံသည့် အကျိုးဆက်များကိုရရှိခဲ့ပြီး ယမန်နှစ်က ကျောင်းသားဦးရေ သုံးသိန်းခန့်တိုးမြှင့်အပ်နှံလာသည်ကို တွေ့ရှိရသည်။ ယခု ပညာသင်နှစ်တွင်လည်း သက်ဆိုင်ရာတာ၀န်ရှိသူများ၊ ဒေသအဖွဲ့အစည်းများ၊ မိဘဆရာများ ပူးပေါင်း၍ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံ ရေးနှင့် ကျောင်းထွက်သူ ပပျောက်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းရေးသားလိုက်ရပါသည်။