၂၀၁၇ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ ကြီးကြပ်ရေးမှူးများအတွက် လုပ်ငန်းတာ၀န်ဆိုင်ရာ ဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန် ၂၀၁၇ ဇန်နဝါရီ ၈



၂၀၁၆-၂၀၁၇ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူး၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းကို ယနေ့ညနေပိုင်းက အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း (အလုံ)ရှိ သီရိရတနာခန်းမ၌ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။ အခမ်းအနားတွင် ပြည်ထောင်စု၀န်ကြီးက အဖွင့်အမှာစကားပြောကြားရာ စာမေးပွဲနှင့် သက်ဆိုင်သော တာ၀န်ရှိသူများအနေဖြင့် လူ၊ ပစ္စည်း၊ သတင်း လုံခြုံရေးကို အထူးဂရုစိုက်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ဝေသည့် လုပ်ငန်းလက်စွဲပါ ညွှန်ကြားချက်များကို လေ့လာဖတ်ရှု ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိတာ၀န်ထမ်းဆောင်ရမည့်ကာလတွင် ယခင်နှစ်က အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးကြပြီး သိရှိလိုက်နာကြရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။ အဆိုပါ ဆွေးနွေးပွဲသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကိုယ်စားလှယ်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၈၅၀) ဦးခန့် တက်ရောက်မည် ဖြစ်ပြီး သင်တန်းကာလမှာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ(၉)ရက်မှ (၁၁)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ အလားတူ ဆွေးနွေးပွဲ/ သင်တန်းကို မန္တလေးမြို့ အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်း (၂၆-၁၂-၂၀၁၆) ရက်နေ့မှ (၂၈-၁၂-၂၀၁၆) ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့မှ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကိုယ်စားလှယ်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၇၁၂) ဦး တက်ရောက်ခဲ့ပါသည်။ ထိုနည်းတူ နေပြည်တော်အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတွင်လည်း (၂၉-၁၂-၂၀၁၆) ရက်နေ့မှ (၃၁-၁၂-၂၀၁၆) ရက်နေ့ အထိ (၃) ရက်ကြာကျင်းပခဲ့ပြီး နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့မှ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကိုယ်စားလှယ်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၆၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။