၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိခဲ့သည့် ပညာရေး၀န်ကြီးဌာနတွင် တာ၀န်ထမ်းဆောင်ခဲ့သော၊ တာ၀န်ထမ်းဆောင်လျက်ရှိသော ပညာရေး၀န်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၂၀၁၇ ဇန်န၀ါရီ ၂၁



၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိခဲ့သည့် ပညာရေး၀န်ကြီးဌာနတွင် တာ၀န်ထမ်းဆောင်ခဲ့သော၊ တာ၀န်ထမ်းဆောင်လျက်ရှိသော ပညာရေး၀န်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားသည်။ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာပေကဏ္ဍသည် အရေးပါသကဲ့သို့ အသိပညာရှင်၊ အတတ်ပညာရှင်များသည်လည်း နိုင်ငံတော်တည်ဆောက်ရေးတွင် လွန်စွာအရေးပါလှပါ ကြောင်း၊ ပညာရေး၀န်ကြီးဌာန အနေဖြင့် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်ဆု ရရှိခဲ့ကြသည့် ပညာရေး၀န်ထမ်းများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ကျင်းပခဲ့ရာတွင် ၂၀၁၃ ခုနှစ်အတွက် စုစုပေါင်း (၁၀)ဦး၊ ၂၀၁၄ ခုနှစ်အတွက် စုစုပေါင်း(၁၉)ဦးနှင့် ယခု ၂၀၁၅ ခုနှစ်အတွက် ချီးမြှင့်ရာတွင် အမျိုးသားစာပေ တစ်သက်တာဆု အတွက်(၂)ဦး၊ အမျိုးသားစာပေဆုအတွက် (၄)ဦးနှင့် စာပေဗိမာန်ဆုအတွက် (၁၃)ဦး စုစုပေါင်း(၁၉)ဦး ရရှိခဲ့သည့်အတွက် များစွာဂုဏ်ယူ၀မ်းမြောက်ပါကြောင်း၊ ယခုလို နိုင်ငံတော်အတွက် အကျိုးပြုစာကောင်းပေမွန်များကို ရေးသားပြီး အသိပညာဖြန့်ဝေပေးခဲ့ကြသည့် ပညာရေး၀န်ထမ်း စာပေပညာရှင်ကြီးများကို ပညာရေး၀န်ကြီးဌာန အနေဖြင့် ထပ်ဆင့်ဂုဏ်ပြုနိုင်သည့်အတွက် ချီးမြှင့်ထိုက်သူကို ချီးမြှင့်ရသည့်အတွက် မင်္ဂလာရှိသည့် ဂုဏ်ပြုခြင်းလည်း ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍတွင် တာ၀န်ထမ်းဆောင်ခဲ့ကြသည့် တာ၀န်ထမ်းဆောင်လျက်ရှိကြသည့် ပညာရေး၀န်ထမ်းများအနေဖြင့် ယဉ်ကျေးလိမ္မာသည့် ကိုယ်ကျင့်တရားကောင်းမွန်သည့် စည်းကမ်းကောင်းမွန်သည့် ဗဟုသုတကြွယ်၀သည့် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ထိန်းသိမ်းမြှင့်တင်ပေးနိုင်သည့် နိုင်ငံ့သားကောင်း ရတနာမွန်များပေါ်ထွန်းလာစေရန် မိမိတို့၏ကလောင်စွမ်းအားဖြင့် ဆက်လက်ပြုစု ပျိုးထောင်ပေးကြ စေလိုပါကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးက ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် ပြည်ထောင်စု၀န်ကြီးက ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ရာ ဆုရရှိကြသူများကိုယ်စား မြန်မာစာအဖွဲ့ အဖွဲ့၀င် ဆရာကြီးဦးတင်ခက ကျေးဇူးတင်စကားပြန်လည် ပြောကြား ခဲ့ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။