အရည်အသွေးပြည့်ဝသော လူတော်လူကောင်း ကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးနိုင်ရေး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်

နေပြည်တော် ၂၀၂၂ မေ ၂၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည် နယ် လူမှုရေးဝန်ကြီး ဦးအောင်မြင့်၊ ရှမ်းပြည်နယ်ပညာရေးမှူး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမြင့်လွင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ ရွှေညောင်မြို့ အခြေခံပညာ အထက်တန်းကျောင်း၊ ကလောမြို့နယ် ဟဲဟိုး အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၊ ကလောမြို့နယ် အောင်ပန်းမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းများဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေ၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး ပြင်ဆင် ထိန်းသိမ်း ဆောင်ရွက်ထားမှု အခြေအနေ၊ တည်ဆောက်ပြီးစီးသည့် ကျောင်းဆောင်၊ ခန်းမဆောင် အခြေအနေ၊ ကျောင်းတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာရေး ကိစ္စရပ်များကို ကြည့်ရှုစစ်ဆေးသည်။

ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုဝန်ကြီးက ဇွန် ၂ရက်တွင် ကျောင်းများ ဖွင့်လှစ်သည့်အခါ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနိုင်ရေး အတွက် လိုအပ်သည်များ ပြည့်စုံအောင် ဖြည့်ဆည်းဆောင်ရွက် ထားကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံ၏ပညာရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အထူးအားပေး၍ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိမိပြည်နယ်၊ မိမိဒေသတွင်ရှိသည့် မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများကို ပညာတတ်လူတော် လူကောင်းများဖြစ်အောင် မိမိတို့ကိုယ်တိုင် စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် အားစိုက်ပြီးပြုစုပျိုးထောင် သင်ကြားပေးကြ စေလိုကြောင်း၊ ပညာတတ်များ ပေါများမှသာ နိုင်ငံအဆင့်တိုးတက်မြင့်မား လာမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများ အနေဖြင့် မိမိတို့၏အရည်အသွေး တိုးတက်ရေးအတွက် အမြဲလေ့လာဆည်းပူး နေကြရမည်ဖြစ်ကြောင်း။

လုပ်ငန်းခွင် ဆရာ ဆရာမများအနေဖြင့် ယခင်က B.Ed ပညာရေးဘွဲ့ သင်တန်းများကို တစ်နှစ်လျှင် ၃၀၀၀ ဝန်းကျင်ခန့်သာ တက်ရောက်ခွင့်ရပါကြောင်း၊ ယခုအခါ တစ်နှစ်လျှင် လုပ်ငန်းခွင်မှ ဆရာ ဆရာမဦးရေ ၂၀၀၀၀ ကျော်အထိ B.Ed ပညာရေးဘွဲ့ သင်တန်းများ တက်ရောက်သင်ကြားခွင့်ရအောင် ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း၊ မကြာမီ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ထွက်တော့မည်ဖြစ်၍ အောင်မြင်သူရှိသလို စာမေးပွဲကျသူများလည်း ရှိမည်ဖြစ်ပါကြောင်း၊ စာမေးပွဲကျသူ များနှင့် အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မဖြေဖြစ်သူများ ယခုနှစ်တွင် ပြန်လည်ဖြေဆိုနိုင်ကြောင်း၊ စနစ်သစ်ပညာရေးကို ကူးပြောင်းနေချိန်ဖြစ်၍ ယခုပညာသင်နှစ်သည် စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပသည့် နောက်ဆုံးနှစ်ဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့ကျောင်း၏ ကျောင်းဥပဓိရုပ်များ ပြည့်စုံကောင်းမွန်မှုနှင့်အတူ အရည်အသွေး ပြည့်ဝသော လူတော်လူကောင်း ကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးနိုင်ရေး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။