အမျိုးသားပညာရေးမူဝါဒကော်မရှင်က ကော်မတီများ ဖွဲ့စည်းခြင်း

ရန်ကုန် ၂၀၁၇ ဇန်နဝါရီ ၁၈



အမျိုးသားပညာရေးဥပဒေ (၂၀၁၅)ခုနှစ် အခန်း(၄)၊ ပုဒ်မ၆(ခ)ပါ “အမျိုးသားပညာရေးရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်သောအမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ရေးကော်မတီ၊ ပုဒ်မ၂၇အရ ဖွဲ့စည်းသောကော်မတီ၊ အခြားလိုအပ်သော ကော်မတီ၊ ကောင်စီနှင့်အဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း” ဟူသောပြဋ္ဌဌာန်းချက်များအရ အမျိုးသားပညာရေး မူဝါဒကော်မရှင်သည် ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်တွင် အမျိုးသားပညာရေးအဆင့်အတန်းနှင့်အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီကို ဖွဲ့စည်းပြီးဖြစ်ပါသည်။ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေး အာမခံမှုအကဲဖြတ်ရေးကော်မတီကို အဖွဲ့ဝင်(၂၀)ဦးဖြင့် ဖွဲ့စည်းထားပါသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ယခင်ဆေးသိပ္ပံ ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာမောင်မောင်ဝင့်က ဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက အတွင်းရေးမှူးအဖြစ် ပါဝင်ပါသည်။ အဖွဲ့ဝင်(၁၈)ဦးမှာ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနများရှိ တက္ကသိုလ်များမှ ကျွမ်းကျင်ပညာရှင်များ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာ နိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားကြောင်း သတင်းရရှိပါသည်။ ထို့ပြင် အမျိုးသားပညာရေးမူဝါဒကော်မရှင်သည် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့တွင် မြိတ်တက္ကသိုလ်၊ ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာမြင့်ဆွေ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့်၊ ဘာသာရပ် ကျွမ်းကျင်ပညာရှင် (၁၄)ဦး ပါဝင်သော အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီကို ဖွဲ့စည်းပြီးဖြစ် ကြောင်းလည်း သတင်းရရှိပါသည်။