အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) မူကြမ်း စိစစ်ရေးအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၁ ‌ဒီဇင်ဘာ ၆

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) National Education Strategic Plan-NESP(2021-2030) မူကြမ်းကို သက်ဆိုင်ရာကဏ္ဍများအလိုက် အင်္ဂလိပ်ဘာသာနှင့်မြန်မာဘာသာတို့ဖြင့် ပြုစုလျက်ရှိရာ အဆိုပါစီမံကိန်းမူကြမ်း စိစစ်ရေးအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေး ဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ (၂၆)ကြိမ်မှ အကြံပြုချက်များနှင့်အညီ ရေးဆွဲခဲ့ပြီး၊ ၂၀၂၁ခုနှစ် ဇူလိုင်လ (၅)ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သော ပညာရေးဝန်ကြီးဌာန၊ ဥပဒေကြမ်းများ စိစစ်ရေးကော်မတီက စိစစ်တည်းဖြတ်ထားသော အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၂၁-၂၀၃၀)မူကြမ်းကို ထပ်မံစိစစ်ပေးရန်နှင့် ယင်းသို့စိစစ်ရာတွင် အလေးထား ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အသေးစိတ်ဆွေးနွေး ဆောင်ရွက်ကြရန် မှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) မူကြမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)မူကြမ်း ရေးဆွဲစိစစ် အတည်ပြုရေးနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေး အကြံပေးညှိနှိုင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။