အဆင့်မြင့် ပညာရေး ဆွေးနွေးပွဲကျင်းပ

အဆင့်မြင့် ပညာရေး ဆွေးနွေးပွဲကျင်းပ

ရန်ကုန် ၂၀၁၆ ဇွန် ၆

          ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနနှင့် ဗြိတိသျှကောင်စီတို့ ပူးပေါင်း ကျင်းပသည့် ပညာရေးကဏ္ဍ၏ ၂၁ ရာစုတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုအသစ်များ ခေါင်းစဉ်ဖြင့် အဆင့်မြင့် ပညာရေးဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲက ရန်ကုန်မြို့ တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပသည်။

          ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း) ဒေါက်တာမျိုးမြင့်နှင့် ဗြိတိသျှကောင်စီမှ အမှုဆောင်အရာရှိချုပ် Mr.Ciaran Devane တို့က နှုတ်ခွန်းဆက် စကားပြောကြားသည်။

          ထို့နောက် နိုင်ငံတကာ အဆင့်မြင့်ပညာရေး နယ်ပယ်ဘာသာရပ် ပညာရှင် Dr.Jamil Salmi က အဆင့်မြင့်ပညာရေးကဏ္ဍ၏ ၂၁ ရာစုတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုအသစ်များ၏ အဓိကအချက်များ ခေါင်းစဉ်နှင့် တက္ကသိုလ်များ၏ အရည်အသွေး သတ်မှတ်ရေး၊ အုပ်ချုပ်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဘဏ္ဍာရေးကိစ္စရပ်များ ခေါင်းစဉ်တို့ကို ဟောပြောဆွေးနွေးသည်။

          ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက မြန်မာနိုင်ငံ၏အခြေအနေနှင့် နိုင်ငံတကာရေစီးကြောင်း၏ မြန်မာနိုင်ငံရှိ တက္ကသိုလ်များအပေါ် အကျိုး သက်ရောက်မှုနှင့် ပတ်သက်၍ အုပ်စုအလိုက် ဆွေးနွေးကြရာ Dr.Jamil Salmi က ပြန်လည် ဆွေးနွေးခဲ့သည်။

          အဆိုပါဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဗြိတိသျှကောင်စီမှ တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ဆရာ၊ ဆရာမ စုစုပေါင်း(၁၇၄)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။