အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နောက်ဆုံးနှစ်သင်တန်းများ၊ မဟာဘွဲ့(ရေးဖြေ) သင်တန်းများနှင့်ပါရဂူဘွဲ့ကြိုသင်တန်းများ ပြန်လည်ဖွင့်လှစ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၂၀၂၁ ဧပြီ ၂၅

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နောက်ဆုံးနှစ်သင်တန်းများ၊ မဟာဘွဲ့(ရေးဖြေ) သင်တန်းများနှင့် ပါရဂူဘွဲ့ကြိုသင်တန်းများကို COVID-19 ရောဂါကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီပြန်လည်ဖွင့်လှစ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ကျောင်းသားကျောင်းသူ များ၏ ပညာသင်ယူမှုအခွင့်အလန်းမဆုံးရှုံးရေးသည် ကာယကံရှင်နှင့်နိုင်ငံတော်အတွက် လွန်စွာ အရေးကြီးပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါကြောင့် ကျောင်းသားကျောင်းသူများ၏ ပညာသင်ယူမှု အခွင့်အလမ်းများနှောင့်နှေးမှုမရှိစေရေး၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဖွင့်လက်စ ပုံမှန်သင်တန်းများ၏နောက်ဆုံးနှစ်သင်တန်းများပြီးဆုံးစေရန်နှင့် နောက်ဆုံးနှစ်သင်တန်းသား များအား ဘွဲ့ရများအဖြစ်မွေးထုတ်၍ လုပ်ငန်းခွင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် အဆင့်မြင့်ပညာကဏ္ဍရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နောက်ဆုံးနှစ်သင်တန်းများ၊ မဟာဘွဲ့(ရေးဖြေ) သင်တန်းများနှင့် ပါရဂူဘွဲ့ကြိုသင်တန်းများကို COVID-19 ရောဂါကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ မေလ(၅)ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊

အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ဆရာဆရာမများအတွက် အားလပ်ရက်ရှည်(Vacation) ခံစားခွင့်ကို ၂၀၂၁ ခုနှစ် မေ ၂ ရက်နေ့အထိ သတ်မှတ်ခွင့်ပြုထားပါကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးမှ သင်ကြားရေးဆရာဆရာမများအားလုံးနှင့် စီမံဝန်ထမ်းများအားလုံးအနေဖြင့် ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့ နောက်ဆုံးထား၍ မိမိတို့လုပ်ငန်းခွင်များသို့ အင်ပြည့်အားပြည့် မပျက်မကွက်ပြန်လည် ဝင်ရောက် တာဝန်ထမ်းဆောင်ကြရန် နှိုးဆော်တိုက်တွန်းပါကြောင်း၊ မေလ ၃ ရက်နေ့တွင် လုပ်ငန်းခွင်ဝင်ရန်ပျက်ကွက်သည့်စာရင်းများကိုလည်း သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အဆင့်ဆင့် တာဝန်ယူ တာဝန်ခံမှုဖြင့် စနစ်တကျပြုစု ပေးပို့ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ထမ်း ဆရာ ဆရာမများအနေဖြင့် မျိုးဆက်သစ် ကျောင်းသားကျောင်းသူများ ပညာအရည်အသွေး မြင့်မားရေးအတွက် နိုင်ငံဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူသည်အထိ လမ်းခင်းဆောင်ရွက်ပေးကြ စေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့်အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်တို့က ကျောင်းများဖွင့်လှစ်သည့်အခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်နိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်များ၊ (၅ - ၅ - ၂၀၂၀) ရက်နေ့တွင် ဖွင့်လှစ်မည့်သင်တန်းများနှင့် ကျောင်းသားကျောင်းသူဦးရေစာရင်း၊ သင်တန်းဆိုင်ရာ အချက်အလက်များ၊ သင်တန်းကာလ လျာထားချက်နှင့်စီမံခန့်ခွဲမှုကိစ္စရပ်များ၊ ပထမနှစ်ဝက် ပညာသင်ကာလ သင်ယူမှုရလဒ်အကဲဖြတ်မည့် အစီအစဉ်များ၊ ဘာသာရပ်သင်ကြားရေးအဖွဲ့များက ညှိနှိုင်းပြင်ဆင်ရေးဆွဲထားသော သင်ရိုးညွှန်း တမ်းများ၊ ကျောင်းသားကျောင်းသူများအတွက် အ‌ဆောင်ထားရှိနိုင်မှုအခြေအနေများ၊ ဘွဲ့ကြို ပထမနှစ်မှ တတိယနှစ်အထိသင်တန်းများ၊ အဝေးသင် သင်တန်းများနှင့် ဆက်လက် ဖွင့်လှစ်မည့် အစီအစဉ်တို့ကို  ရှင်းလင်းတင်ပြကြသည်။

ထို့နောက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများက ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးအကြံပြုကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေး ဖြေကြား၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လမ်းညွန်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။