အခြေခံပညာ မြန်မာစာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)ဆုချီးမြှင့်ပွဲ ကျင်းပ

ရန်ကုန် ၂၀၁၇ ဇန်န၀ါရီ ၂၁


အခြေခံပညာ မြန်မာစာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်)ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားသည်။ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ဘက်စုံထူးချွန်သည့် ကျောင်းသားလူငယ်များကို စိစစ်ရွေးချယ် ဂုဏ်ပြုချီးမြှင့်သည့် အစီအစဉ်များ ဆောင်ရွက်လျက်ရှိရာ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး အခြေခံပညာ မြန်မာစာစွမ်းရည်ပြိုင်ပွဲများကို မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကား ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဒုတိယအကြိမ် ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ပါကြောင်း၊ စာဖတ်စွမ်းရည်များ တိုးတက်မြင့်မားလာစေရန် ပြိုင်ပွဲများကို ဆောင်ရွက်ကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း၊ အခြေခံပညာ မြန်မာစာစွမ်းရည်ပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲ၀င် ကျောင်းသား၊ ကျောင်းသူများ အားလုံး၏ ဖြေဆိုချက်များသည် ထူးချွန်အဆင့်၀င်ကြောင်း အဖြေလွှာစစ်ဆေးသူ မြန်မာစာအဖွဲ့၀င် ဆရာကြီး များထံမှ သိရှိရသည့်အတွက် ၀မ်းမြောက်ဂုဏ်ယူပါကြောင်း၊ နိုင်ငံတော်အတွက် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးရန်၊ ဉာဏ်ပညာ ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တ ကောင်းမွန်သည့် လူငယ်များဖြစ်ထွန်း ပေါ်ပေါက်လာစေရန်အတွက် ဘက်စုံပညာထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်ပြုစု ပျိုးထောင်ရေးသည် ပညာရေး၀န်ကြီးဌာန၏ အဓိကလုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပါကြောင်းဖြင့်ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးက အမျိုးသားပညာရေး ဦးတည်ချက်ဖြစ်သည့် တစ်မျိုးသားလုံးပညာရည်မြင့်မားရေးဟူသည့် ဦးတည်ချက်နှင့်အညီ မြန်မာစာပေဖွံ့ဖြိုး တိုးတက်ရန် နှစ်စဉ်နှစ်တိုင်း မြန်မာစာ စွမ်းရည် ပြိုင်ပွဲများနှင့် တိုင်းရင်းသားဘာသာစကား ပြိုင်ပွဲများကို စဉ်ဆက်မပြတ်ပြုလုပ်ပြီး အနာဂတ်မျိုးဆက် သစ်စာပေပညာရှင်များ ပေါ်ထွက်လာရေးအတွက် ဆက်လက်ဆောင်ရွက် သွားကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကလည်း မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာစာပေကို ထိန်းသိမ်းအပ်သည့် အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့် ကြိုးပမ်းစောင့်ရှောက် သွားကြစေလိုကြောင်း၊ မိမိတို့နေရပ်ဒေသသို့ ပြန်လည်ရောက်ရှိသည့်အခါတွင် မြန်မာစာပေအပါအ၀င် တိုင်းရင်းသားဘာသာစကားအားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀န်းကျင်ဒေသ ဆက်စပ်နေရာများသို့ တိုးတက်ပြန့်ပွားစေရန် ဆထက်ထမ်းပိုး ကြိုးစားဆောင်ရွက် ကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က အခြေခံပညာမြန်မာစာစွမ်းရည် (ဗဟိုအဆင့်)ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် တာ၀န်ရှိသူများက ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် အခြေခံပညာဦးစီးဌာနနှင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက မြန်မာစာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်)တွင် ပါ၀င်ယှဉ်ပြိုင်သူကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာစာအဖွဲ့ အဖွဲ့၀င် ဒေါက်တာခင်အေးက အခြေခံပညာ မြန်မာစာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်)ကျောင်းသား၊ ကျောင်းသူများ၏ ဖြေဆိုချက်များအပေါ် သုံးသပ်အကြံပြုတင်ပြရာ ဆုရရှိခဲ့ကြသူများကိုယ်စား ဆုရရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။

 

 

Source: Edu MOE