အခြေခံပညာအထက်တန်းဆင့် Grade-11 (သင်ရိုးသစ်) ဗဟိုအဆင့်နည်းပြသင်တန်းဖွင့်ပွဲ ကျင်းပ

နေပြည်တော် ၂၀၂၂ မေ ၆

အခြေခံပညာအလယ်တန်းဆင့် Grade-11 သင်ရိုးသစ် ဗဟိုအဆင့်နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်းရှိ ဇမ္ဗူရွှေကြာခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပညာရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၆-၂၀၁၇ နှစ်မှစ၍ KG+12 သင်ရိုးသစ်ကို  အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခုပညာသင်နှစ်တွင် သင်ရိုးသစ် အတန်းများ ဖြစ်သည့် Grade-5၊ Grade-8 နှင့် Grade -11 တို့ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ယနေ့ သင်ရိုးသစ် ဗဟိုအဆင့် နည်းပြ သင်တန်းတွင် သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်များမှ ကျွမ်းကျင်သည့်နည်းပြများက ပို့ချပေးမည် ဖြစ်ပြီး သင်တန်းသားများကလည်း တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆင့်ပွားသင်တန်း ပြန်လည် ပို့ချရမည့် နည်းပြကောင်းများဖြစ်ကြ၍  သင်ရိုးသစ် အကောင်အထည်ဖော်ရာတွင် အလွန် အရေးကြီးသည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် ပို့ချပေးလိုက်သည့် သင်ပြနည်းများ ကို လေ့လာမှတ်သား၍ မိမိတို့ကျရာ ဒေသရှိ ဆရာ ဆရာမများကို ပြန်လည်မျှဝေပေးပြီး မိမိတို့ တပည့်များကို လူတော်လူကောင်းဖြစ်အောင် ကြိုးစားသင်ကြားပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်းက ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးလေ့လာသုံးသပ်မှုများကို ပြည်တွင်း ပြည်ပမှပညာရေး ပညာရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် အစည်းအဝေး၊ အခမ်းအနားများ၊ ဆွေးနွေးတိုင်ပင် ညှိနှိုင်းမှုများ အကြိမ်ကြိမ်ပြုလုပ်ဆောင်ရွက်ခဲ့ကြပါကြောင်း၊ အခြေခံပညာရေးအတွက် KG + 12  စနစ် ကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ KG + 12 စနစ်ဖြင့်သွားရာတွင် မူလတန်း ၅ နှစ်၊ အလယ်တန်း ၄ နှစ်၊ အထက်တန်း ၃ နှစ်ဖြင့် ၅၊၄၊၃ = ၁၂ တန်း ပညာရေးစနစ်ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် Grade-5၊ Grade-8၊ Grade-11 သင်ရိုးသစ် အတန်းများကိုတိုးချဲ့ သင်ကြားမည်ဖြစ်ပြီး ရှေ့နှစ်တွင် Grade-9၊Grade-12၊ သင်ရိုးသစ်အတန်းများ သင်ကြားနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  Grade 12 ပြီးဆုံးသည့်အခါ စနစ်သစ် ပညာရေး၏ အခြေခံပညာ သင်ယူပြီးဆုံးမှုလက်မှတ်များကို ပေးအပ်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးတို့သည် တက်ရောက်လာသည့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးတို့သည် Grade-11 သင်ရိုးသစ် ဗဟိုအဆင့်နည်းပြသင်တန်းတွင် ဘာသာရပ်အလိုက် သင်ကြားသင်ယူနေမှုများကို လှည့်လည်ကြည့်ရှု အားပေး ကြသည်။

ယနေ့ဖွင့်လှစ်သည့် အခြေခံပညာအထက်တန်းဆင့် Grade-11 သင်ရိုးသစ် ဗဟိုအဆင့် နည်းပြသင်တန်းကို  မေ ၆ရက်မှ ၈ ရက်အထိ (၃) ရက်ကြာဖွင့်လှစ်၍ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်းဘာသာရပ်များနှင့် စာရိတ္တနှင့် ပြည်သူ့နီတိ+ ကာယဘာသာရပ်များကို သင်တန်းနည်းပြ ဆရာ ဆရာမများက သင်ကြားပို့ချသွားမည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား သင်တန်းသူ ဆရာ ဆရာမ စုစုပေါင်း (၅၉၈)ဦး တက်ရောက်သင်ကြား သင်ယူကြကြောင်းသိရသည်။