အခြေခံပညာအဆင့် ဘာသာရပ်အလိုက် သင်ရိုးညွှန်းတမ်းကော်မတီဆွေးနွေးပွဲကျင်းပ

ရန်ကုန် ၂၀၁၆ မေ ၈
 
အခြေခံပညာအဆင့် ဘာသာရပ်အလိုက်သင်ရိုး ညွှန်းတမ်းကော်မတီ ဆွေးနွေးပွဲ ကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာနိုင်ငံ ပညာရေး သုတေသနဦးစီးဌာန အစည်းအဝေး ခန်းမ၌ မေ ရရက်မှ ၈ရက်အထိ (၂)ရက်ကြာ ကျင်းပသည်။
 
ဘာသာရပ်တစ်ဖွဲ့ခြင်းစီအလိုက် ကျင်းပသည့် ဆွေးနွေးပွဲများ တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချာင်္၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာရပ် သင်ရိုး ညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌဖြစ်သည့် ရန်ကုန်တက္ကသိုလ်မှ သက်ဆိုင်ရာဘာသာရပ်ဌာနမှ ပါမောက္ခဌာနမှူးတို့က အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်းနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု၊ လက်ရှိလုပ်ဆောင်နေသော လုပ်ငန််းများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့နေရသောအခက်အခဲများနှင့် ရှေ့ ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို တင်ပြ ကြသည်။
 
ထို့ပြင် စနစ်သစ်သူငယ်တန်း(KG)သင်ရိုး၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယပညာ၊ ပန်းချီနှင့် ဂီတ သင်ရိုးညွှန်းတမ်း အဖွဲ့ဥက္ကဋ္ဌတို့ကလည်း အဆိုပါ ဘာသာရပ်နှင့် ပတ်သက်သည့် ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို တင်ပြကြပြီး တက်ရောက် လာကြသူများကလည်း ၀ိုင်းဝန်းဆွေးနွေး အကြံပြုသည်။
 
ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီးက သင်ရိုးညွှန်းတမ်းရေးဆွဲပေးသူများ၊ ကြီးကြပ်သူပညာရှင်ကြီး များကို ကျေးဇူးအထူးတင်ရှိကြောင်း ဦးစွာပြောကြားလိုကြောင်း၊ သင်ရိုးညွှန်းတမ်းရေးဆွဲရေး အတွက် လုပ်ငန်းဝင်ကြိုသင်တန်းနှင့် လုပ်ငန်းခွင်ဝင်သင်တန်းများ ပို့ချပေးရမည့်အပြင် ပြည်တွင်းပြည်ပ အရည်အသွေးမြှင့်သင်တန်းများ တိုးမြှင့်ဆောင်ရွက်ရန်၊ သင်ရိုးညွှန်း တမ်းတွင် ခက််ခဲမှုအတိမ်အနက်နှင့် ဆီလျော်မှုကို ထည့်သွင်းစဉ်းစားရန်၊ ဘာသာရပ် အလိုက် သင်ရိုးညွှန်းတမ်းများတွင် ပါ၀င်သော အကြောင်းအရာများ ထပ်မနေရန်၊ သင်ရိုးညွှန်းတမ်းတွင် ကျားမ တန်းတူညီမျှရေးနှင့် တိုင်းရင်းသားများ၏ ရိုးရာဓလေ့ ယဉ်ကျေးမှုများ ပါရှိရန် နှင့် သင်ခန်းစာများနှင့်ကိုက်ညီသော သင်ထောက်ကူပစ္စည်း များ ပြည့်စုံစွာပါရှိရန် လိုအပ်ကြောင်း ပြောကြားသည်။
 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်ရိုးညွှန်းတမ်းနှင့် ကျောင်းသုံး စာအုပ် ပြုစုရေးကော်မရှင် ဖွဲ့စည်းရန်၊ အခြေခံပညာအဆင့်သင်ရိုးများကို အဆင်ပြေချောမွေ့စွာ ဆက်လက်ရေး ဆွဲနိုင်ရေးအတွက် သင်ရိုးရေး ဆွဲရေးအဖွဲ့အား ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌက အနီးကပ်ကြီးကြပ်ကာ ပညာရေးသုတေသနဦးစီး ဌာနနှင့် လူ့စွမ်းအား အရင်းအမြစ်၊ ပညာရေးစီမံကိန်းဦးစီးဌာနတို့နှင့် ပူးပေါင်း ဆောင်ရွက်ပြီး အားလုံးဝိုင်းဝန်း ညီညွတ်စွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်းနှင့် ကလေးတိုင်း စာသင်ခန်း အတွင်းမှာပင် အသိပညာ၊ ကျွမ်းကျင်မှု၊ အသိစိတ်ဓာတ်များ အပြည့်ဝရရှိရန် ဦးတည် ဆောင်ရွက်ရေး တို့ကို မှာကြားသည်။
 
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ပညာရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ပညာရေးစီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန််ကြားရေးမှူး၊ ဘာသာရပ်အလိုက်ရိုးညွှန်းတမ်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် အကြံပေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
 
ယင်းနောက် ဒေါက်တာမျိုးသိမ်းကြီးသည် JICA အကူအညီဖြင့် ဆောင် ရွက်နေသည့် မူလတန်းပညာသင်ကြားရေးအတွက် ပြဋ္ဌာန်း စာအုပ်များပြုစု ဆောင်ရွက်နေသည့် ရန်ကင်းပညာရေးကောလိပ်ဝန်း အတွင်းရှိ ပညာရေးအရင်းအမြစ်ဌာန အဆောက်အအုံတွင်ဖွင့်လှစ်ထား သည့် CREATE PROJECTအဖွဲ့နှင့် လည်းကောင်း၊ ဆရာအတတ်ပညာ တိုးမြှင့်ရေးအတွက် ရန်ကင်းပညာရေးကောလိပ် တွင် ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးသည်။