အခြေခံပညာကျောင်းအရည်အသွေးအာမခံမှု စံသတ်မှတ်ချက်အညွှန်းဘောင် (BE-SQASF) မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၀ အောက်တိုဘာ ၁၅

အခြေခံပညာကျောင်းအရည်အသွေးအာမခံမှု စံသတ်မှတ်ချက်အညွှန်းဘောင် မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်၊ ပညာရေး ဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခြေခံပညာကျောင်းအရည်အသွေးအာမခံမှု စံသတ်မှတ်ချက်အညွှန်းဘောင် လုပ်ငန်း စဉ်အတွက် နည်းပညာနှင့်ဘဏ္ဍာငွေ အကူအညီအထောက်အပံ့ပေးသည့် ဩစတြေး လျနိုင်ငံအစိုးရကိုယ်စား ဩစတြေးလျသံအမတ်ကြီးနှင့်တာဝန်ရှိသူများ၊ အခြေခံပညာ ဦးစီးဌာနနှင့် အခြေခံပညာကျောင်းအရည်အသွေးအာမခံမှု စံသတ်မှတ်ချက်အညွှန်း ဘောင် လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ပေးကြသူများအားလုံးကို အထူးကျေးဇူးတင် ရှိပါကြောင်း၊
ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) တွင်ဖော်ပြထားသည့် ဦးစားပေးလုပ်ငန်းစဉ်များကို ကြိုးစားအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကောင်အထည်ဖော်ခဲ့သည့်လုပ်ငန်းစဉ် အများစုကို အောင်မြင်အောင်ဆောင် ရွက်နိုင်ခဲ့သည့်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ အခြေခံပညာဦးစီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊
ယခုအခါ ဝေးလံဒေသများ၊ တိုင်းရင်းသားဒေသများတွင် သင်ယူမှုအခွင့်အလမ်း ပိုမိုရရှိလာပါကြောင်း၊ ၂၁ ရာစု ပညာရေးစနစ်နှင့် လိုက်လျောညီထွေရှိသည့် သင်ရိုး ညွှန်းတမ်းအသစ်များ၊ ကျောင်းသုံးဖတ်စာအုပ်များ၊ သင်ကြားသင်ယူမှုနည်းလမ်း ကောင်းများနှင့်အတူ၊ ကျောင်းထောက်ပံ့ကြေးများ ပိုမိုထောက်ပံ့ပေးခြင်းစသည် တို့ကြောင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း သင်ယူပြီး မြောက်နှုန်းများ ပိုမိုတိုး တက်လာပါကြောင်း၊
အထူးသဖြင့် မြန်မာ့ပညာရေးအရည်အသွေးမြင့်မားရေး လုပ်ငန်းအစီအစဉ် (Myanmar Education Quality Improvement Plan(My-EQIP)၏ ခိုင်မာသည့် အထောက်အထားများအရ လိုအပ်ချက်မြင့်မားနေသည့်ဒေသများတွင် ကျောင်းဆောင်၊ ဆရာဆရာမများစသည့် ဖြည့်ဆည်းရမည့် အချက်အလက်များကို ဦးစားပေးအလိုက် အလျင်အမြန်ဖြည့်ဆည်းဆောင်ရွက်နိုင်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုလို အောင်မြင်မှုသည် ဆရာဆရာမများ၊ ကျောင်းအုပ်များ၊ ဒေသခံပြည်သူများနှင့် အစဉ်တစ်စိုက်ကူညီ ဆောင်ရွက်ပေးကြသည့် မိတ်ဖက်နိုင်ငံအဖွဲ့အစည်းများနှင့် ဩစတြေးလျနိုင်ငံတို့၏ ပံ့ပိုးကူညီမှုကြောင့်သာဖြစ်ပါကြောင်း၊
ယနေ့ အစီအစဉ်ဖြစ်သည့် အခြေခံပညာကျောင်း အရည်အသွေးအာမခံမှု စံသတ်မှတ်ချက်အညွှန်းဘောင် (BE-SQASF)သည် (My-EQIP) လုပ်ငန်းစဉ်မှ ပေါ်ထွက်လာသည့် ကဏ္ဍဖြစ်ပါကြောင်း၊ အရည်အသွေးရှိသော ကျောင်းသား ကျောင်းသူများဖြစ်လာရေးအတွက် အခြေခံပညာကျောင်းများသည် အရည်အသွေး အာမခံနိုင်ရန်လိုအပ်ပါကြောင်း၊ အခြေခံပညာကျောင်းများ၏ အရည်အသွေး တိုးတက်မှုအတွက် အာမခံနိုင်ရေးအတွက် ကျောင်း၏လိုအပ်ချက်၊ ဆရာဆရာမများ၏ လိုအပ်ချက်၊ ကျောင်းအရည်အသွေးတိုးတက်ရေးအတွက် ဖြည့်ဆည်းပေးရမည့် အချက်အလက်များကို လက်တွေ့ကျကျအမေးအဖြေပြုလုပ်ပြီး ဆောင်ရွက်ထားခြင်း ဖြစ်သည့်အတွက် (BE-SQASF)သည် ပညာရေးဝန်ကြီးဌာန အတွက် အလွန်အကျိုးရှိ ထိရောက်သောလုပ်ငန်းစဉ်များဖြစ်ပါကြောင်းစသည်ဖြင့်အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ဩစတြေးလျအစိုးရကိုယ်စား မြန်မာနိုင်ငံ ဩစတြေးလျ သံအမတ် ကြီး Ms.Andrea Faulkner က အမှာစကားပြောကြားသည်။
ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အခြေခံပညာကျောင်းအရည်အသွေးအာမခံမှု စံသတ်မှတ်ချက်အညွှန်းဘောင် ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းပြောကြား၍ အသိပညာပေးပြိုင်ပွဲတွင် ဆုရရှိသူများ၏စာရင်းကို ကြေညာသည်။
ယင်းနောက် အခြေခံပညာကျောင်းအရည်အသွေးအာမခံမှု စံသတ်မှတ်ချက် အညွှန်းဘောင်လုပ်ငန်းစဉ်အကြောင်းကို လုပ်ငန်းအဖွဲ့ဝင် (အခြေခံပညာဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး) ဒေါ်ခင်မူဇော်အောင်က ရှင်းလင်းတင်ပြသည်။
ထို့နောက် အခြေခံပညာကျောင်းအရည်အသွေးအာမခံမှု စံသတ်မှတ်ချက် အညွှန်းဘောင် အကောင်အထည်ဖော်ခြင်းဆိုင်ရာ Video ကိုပြသခဲ့ကြောင်း သတင်း ရရှိသည်။