အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများနှင့် ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၂ ဇွန် ၂

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်တို့သည် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီတွင်   နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၊ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား၊ သင်ယူနေမှုများနှင့်  အသက်ငါးနှစ်မှ (၁၂)နှစ်အထိ ကျောင်းသား ကျောင်းသူများ ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို သွားရောက်ကြည့်ရှု အားပေးကြပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။   

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  မြို့နယ်ဆေးရုံမှ ဆရာဝန်များနှင့် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးအဖွဲ့မှ ဆရာဝန်များနှင့်တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ကာကွယ်ဆေးမထိုးမီ မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရယူခြင်း၊ ကျောင်းသားကျောင်းသူများကို ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ရောဂါအခံရှိ၊ မရှိ မေးမြန်းခြင်းနှင့် ကာကွယ်ဆေး ထိုးပြီးပါက ကျန်းမာရေးအတွက် ကာကွယ်နေထိုင်ရမည့် အစီအစဉ်များကို ပြောကြား ဆောင်ရွက်ပေးကြပြီး ကာကွယ်ဆေး ထိုးနှံပေးကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း များသို့သွားရောက်၍ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား၊ သင်ယူ နေမှုများနှင့် အသက် ငါးနှစ်မှ(၁၂)နှစ်အထိ ကျောင်းသား ကျောင်းသူများ ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေး၍ ကျောင်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။         

အလားတူ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် ပျဉ်းမနားမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ ဥတ္တရသီရိမြို့နယ် အမှတ်(၁၂)အခြေခံပညာအထက် ကျောင်းများသို့ သွားရောက်ပြီး ကျောင်းသားကျောင်းသူများကို နှာခေါင်းစည်းများ ဖြန့်ဝေပေးကာ ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် နေထိုင်ကြပြီး ကျောင်းစာများကို အလေးထားပြီး ကြိုးစားသင်ယူကြကာ ယဉ်ကျေးလိမ္မာသော ကျောင်းသားကျောင်းသူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း မှာကြားပြီး အသက်ငါးနှစ်နှင့် (၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူ များကို လိုအပ်သည်များ မှာကြားသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၇၅၇ ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၂၈ ကျောင်း၊ ကိုယ်ပိုင်ကျောင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၅၇ ကျောင်း၊ စုစုပေါင်း ၈၄၂ ကျောင်း ပြန်လည် ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၉၀၂၀၀ ကျောင်းအပ်နှံပြီး ပညာသင်ကြား လျက်ရှိကြောင်း၊ အသက်(၅)နှစ်နှင့် (၁၂)နှစ် အတွင်းရှိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၀၉၆၈၂ ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။