အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲသို့ ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံတက္ကသိုလ်အားကစားအဖွဲ့ ပထမအသုတ် ထိုင်းနိုင်ငံသို့ ထွက်ခွာ

ရန်ကုန်  ၂၀၂၂ ဇူလိုင် ၂၅

            ထိုင်းနိုင်ငံ အွန်ဘွန်ရတ်ချဌာနီတွင် ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၆ ရက်အထိ ကျင်းပမည့် အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကစားမည့် မြန်မာနိုင်ငံ တက္ကသိုလ်အားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားကာ ပို့ဆောင် နှုတ်ဆက်ကြသည်။

ထိုသို့ပို့ဆောင်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အားကစားသမား တစ်ဦးချင်းစီနှင့် နည်းပြ၊ အုပ်ချုပ်သူများအား ချီးမြှင့်ပေးသော နိုင်ငံခြားသုံးငွေများကို အားကစားအဖွဲ့ခေါင်းဆောင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က ကိုယ်စားပေးအပ်ကြကာ နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်များ ဆွတ်ခူးနိုင်ကြရန်နှင့် တက္ကသိုလ် အားကစား၏ မြင့်မားသော သမိုင်းအမွေကို ထိန်းသိမ်းမြှင့်တင်နိုင်ရန်အတွက် အားကစား စိတ်ဓာတ်အပြည့် ယှဉ်ပြိုင်ကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် အားကစားအဖွဲ့အား နှုတ်ဆက်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ယနေ့ ပထမအသုတ်ထွက်ခွာသည့် မြန်မာနိုင်ငံတက္ကသိုလ်အားကစားအဖွဲ့တွင် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်ဦးဆောင်သော မြားပစ်အားကစားအဖွဲ့နှင့် ပါမောက္ခချုပ် ဒေါက်တာချစ်စိန် ဦးဆောင်သော ဘောလုံးအားကစား အဖွဲ့နည်းပြများနှင့် အားကစားသမားစုစုပေါင်း ၃၄ ဦး လိုက်ပါသွားကြသည်။

အကြိမ်(၂၀)မြောက်အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံတက္ကသိုလ် အားကစားအဖွဲ့များအနေဖြင့် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ မြားပစ်နှင့် ဝူရှူးအားကစားပြိုင်ပွဲ များတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။