လာမည့် ပညာသင်နှစ်မှစ၍ ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်း ၅၀တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်းအထက်တန်းကျောင်းများ တွဲဖက်ဖွင့်လှစ်မည်

နေပြည်တော် ၂၀၂၂ စက်တင်ဘာ ၂၀

 

လာမည့် ပညာသင်နှစ်မှစတင်၍ ခရိုင် ၅၀ရှိ အခြေခံပညာအထက်တန်းကျောင်း ၅၀တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်းအထက်တန်းကျောင်းများ တွဲဖက်၍ စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။

ပြောကြား

ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ကျင်းပသည့် KG+12 သင်ရိုး ညွှန်းတမ်းနှင့် တက္ကသိုလ်သင်ရိုးညွှန်းတမ်းများ ချိတ်ဆက်ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားတိုင်း အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ အခမဲ့ ပညာသင်ယူနိုင်ရေးကို မူဝါဒချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ KG+9   အောင်မြင်ပြီးသူများ အနေဖြင့် Grade 10၊ Grade 11၊ Grade 12   နှင့် အဆင့်မြင့် တက္ကသိုလ် ပညာများအထိ  သင်ယူနိုင်ကြောင်း၊ Grade 10၊ Grade 11၊ Grade 12    အထိ  မတက်ရောက် တော့ဘဲ စိုက်ပျိုးရေးအထက်တန်းကျောင်း၊ မွေးမြူရေးအထက်တန်းကျောင်းနှင့် နည်းပညာ အထက်တန်းကျောင်းများသို့ တက်ရောက်လိုပါကလည်း တက်‌ရောက်နိုင်ကြောင်း။

သို့ဖြစ်ပါ၍  KG+12 အောင်မြင်ပြီး တက္ကသိုလ် ဆက်လက်တက်ရောက် ပညာသင်ယူ သူများအတွက် သင်ရိုးညွှန်းတမ်းများ ချိတ်ဆက်မှု၊ ဆက်စပ်မှုရှိစေရေးကို ဝိုင်းဝန်း၍ စိစစ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ပထမနှစ်သင်ရိုးညွှန်းတမ်းနှင့် ချိတ်ဆက်မှုရှိ၊ မရှိ စိစစ်နိုင်ရေးအတွက် Grade 12 သင်ရိုးညွှန်းတမ်း သို့မဟုတ် Grade 12  outlines များကို ချပြ ဆွေးနွေးရန်လိုအပ်ကြောင်း၊ သင်ရိုးညွှန်းတမ်းနှင့် ဘာသာရပ်ဆိုင်ရာ အရည်အသွေး တိုးတက် ကောင်းမွန်ရေးအတွက် ဘာသာရပ်သင်ကြားရေးအဖွဲ့(Board of studies) တွင် ခင်မင်ရင်းနှီးမှုကို အခြေခံသည့် ဖွဲ့စည်းခြင်းမျိုးမလုပ်ဘဲ အရည်အချင်းရှိသူများ၊ အငြိမ်းစား ဆရာကြီးများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကြီးများ၊ ရာထူးငယ်သော်လည်း ဘာသာရပ်ကျွမ်းကျင်သူ ဆရာများကို ဖိတ်ကြား၍ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် မဟာတန်းနှင့် ပါရဂူတန်း ပြင်ပကျမ်း ကြီးကြပ်သူများအဖြစ် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကြီးများကို ထည့်သွင်းဖွဲ့စည်း သွားကြရန် တက္ကသိုလ်အားလုံးတွင် တာဝန်ရှိကြောင်း၊    ပညာရေး နိမ့်ကျနေသည်ကို ကုစား နိုင်ရေးအတွက် လမ်းကြောင်းမှန်ကို ဝိုင်းဝန်းပူးပေါင်း ရှာဖွေဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အုပ်စုမဖွဲ့ကြရန်နှင့် အားနည်းသူကို လက်တွဲခေါ်ပြီး တိုးတက်အောင် ဆောင်ရွက်ကြစေ လိုကြောင်း၊ ပညာရေး အရည်အသွေးမြင့်မားရေးအတွက် စေတနာ၊ မေတ္တာရှေ့ထား၍ အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းနှင့်  ရာထူးတိုး၊ ရာထူးပြောင်းရွှေ့မှုဆိုင်ရာ မူဝါဒ များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းအစည်းအဝေးတွင် ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး‌ ဒေါက်တာဇော်မြင့်က အဆင့်မြင့်ပညာကဏ္ဍတွင် သင်ကြား သင်ယူမှုစနစ်မြှင့်တင်ရေး၊ သင်ရိုးညွှန်းတမ်းချိတ်ဆက်ရေး၊ ဂုဏ်ထူးတန်း ဘွဲ့သင်တန်းများ၊ မြန်မာစာ၊ အင်္ဂလိပ်စာနှင့်မြန်မာ့ရေးရာဘာသာရပ် သင်တန်းများကို ထိရောက်စွာ အလေးထား သင်ကြားရေးနှင့် သုတေသနဆောင်ရွက်ရေးအတွက် ညှိနှိုင်းဆွေးနွေးသည်။

ယင်းနောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားကြောင်း သိရသည်။