ရန်ကုန်ပညာရေးတက္ကသိုလ် ၂၂ ကြိမ်မြောက် မြတ်ဆရာ ပူဇော်ပွဲ ကျင်းပ

ရန်ကုန် ၂၀၁၇ ဇန်နဝါရီ ၂၈



ရန်ကုန်ပညာရေးတက္ကသိုလ် ၂၂ ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် တက်ရောက်လာကြသူများက ကွယ်လွန်ပြီးသော ဆရာ၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများအား ရည်စူး၍ တစ်မိနစ်ငြိမ်သက် ဂါရဝပြုဆုတောင်း မေတ္တာပို့သခဲ့ကြသည်။ ထို့နောက် ရန်ကုန်ပညာရေးတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာအေးအေးမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ယင်းနောက် ရန်ကုန်ပညာရေးတက္ကသိုလ် မြတ်ဆရာပူဇော်ပွဲလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌက မြတ်ဆရာပူဇော်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့် စေတနာရှင်များမှ အလှူငွေများကို ပေးအပ်လှူဒါန်းရာ မြတ်ဆရာပူဇော်ပွဲ လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဟောင်းများက ကန်တော့ကျိုးဖြင့် ဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့ကြပြီး ကန်တော့ပစ္စည်းများဂါရဝပြုပေးအပ်ကြရာ ကန်တော့ခံမြတ်ဆရာကြီး ဆရာမကြီး(၃)ဦး သြဝါဒစကား ပြန်လည် ပြောကြားသည်။ အဆိုပါ ရန်ကုန်ပညာရေးတက္ကသိုလ် ၂၂ ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲတွင် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း ၂၉၉ ဦးအား ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။