ယခုလာမည့်စာသင်နှစ်တွင် Grade-5၊ Grade-8 နှင့် Grade-11 သင်ရိုးသစ်တန်းများ ဖွင့်လှစ်သွားမည်

နေပြည်တော် ၂၀၂၂ ဧပြီ ၂၃

     တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများနှင့် ခရိုင်ပညာရေးမှူးများအတွက် ဖွင့်လှစ်ပို့ချသည့် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ တွင် အခြေခံပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေ့ဦးစွာ ဒုတိယဝန်ကြီး ဦးဇော်ဝင်းက မြန်မာနိုင်ငံ၌ ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိရာ KG+12 စနစ်သစ် သင်ရိုးတန်းများကို နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလာမည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade-5၊ Grade-8 နှင့် Grade-11 သင်ရိုးသစ်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် Grade-5၊ Grade-8 နှင့် Grade-11 သင်ရိုးသစ် TOT သင်တန်းများကိုလည်း ဧပြီ ၄ ရက်မှစ၍ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း၊ ထို့အတွက် ပညာရေးမှူးများအနေဖြင့် သက်ဆိုင်ရာဒေသအလိုက် ဆင့်ပွားသင်တန်းများကို စနစ်တကျ ဆက်လက်ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ စီမံခန့်ခွဲမှုပိုင်းနှင့်ပတ်သက်၍ စီမံအုပ်ချုပ်ရာတွင် အလွဲအမှားများ မရှိစေရေးအတွက် အထူးဂရုပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း များနှင့်ပတ်သက်၍ ၁/၂၀၁၇၊ ၃၅/၂၀၁၇ နှင့် ၁/၂၀၂၂ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်အောင်လေ့ကျင့် သင်ကြားပေးကြရမည်ဖြစ်သကဲ့သို့ စွမ်းဆောင်ရည် ရမှတ်များကို မှတ်တမ်းများပြုလုပ်၍ ရုံးချုပ်သို့ ပေးပို့ရမည်ဖြစ်ကြောင်း၊ အခြေခံပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် ဆရာ ဆရာမကြီးများအပေါ်တွင် များစွာမူတည်သည့်အတွက် လက်ရှိတာဝန်ယူဆောင်ရွက်နေသည့် တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများအနေဖြင့် စီမံ/ဘဏ္ဍာ/ပညာ ကဏ္ဍများကို ညွှန်ကြားချက်နှင့်အညီ စနစ်တကျဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်ကလည်း လေ့လာသင်ယူ၍ မိမိတာဝန်ယူရသော နယ်မြေများတွင်လည်း အနာဂတ်နိုင်ငံတော်အတွက် အားထားရသော နိုင်ငံ့သားကောင်းရတနာများ မွေးထုတ်ပေးနိုင်ရေးအတွက် ကြိုးစား ဆောင်ရွက်သွားကြရန် ဆွေးနွေးပို့ချသည်။ ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်များမှ ပညာရေးမှူးများက တိုင်းဒေသကြီး/ ပြည်နယ်များ၏ အခြေခံပညာကဏ္ဍဆောင်ရွက်မှုများကို တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။