မြန်မာ့ပညာရေးသမိုင်း

မြန်မာ့ပညာရေးသမိုင်း

မြန်မာနိုင်ငံ၏ ပညာရေးသည် ရှေးမြန်မာမင်းများ လက်ထက်မှစ၍ ရပ်ရွာဒေသအလိုက် တည်ရှိသည့် ဘုန်းတော်ကြီးကျောင်းများတွင် တက်ရောက်သင်ယူခွင့် ရရှိခဲ့ကြသည်။ ဗြိတိသျှ အစိုးရက ၁၈၆၆ခုနှစ် မှစ၍ မြန်မာနိုင်ငံ အောက်ပိုင်းတွင် ပညာရေးဌာနကို တည်ထောင် ဖွင့်လှစ်ခဲ့ပြီး ဘုန်းတော်ကြီးသင် ပညာရေးသင်ကြားမှုပုံစံမှ အတန်းသင် ပညာရေး သင်ကြားမှု ပုံစံသို့ စတင်ပြောင်းလဲခဲ့ပါသည်။ ၁၈၈၄ခုနှစ်တွင် ရန်ကုန်ကောလိပ်ကို ဖွင့်လှစ်ခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ကာလကတ္တား တက္ကသိုလ်၏ ပေါင်းစည်းကောလိပ်အဖြစ် သတ်မှတ်ပေးခဲ့သည်။ ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၂၅ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်ကို တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်တက္ကသိုလ်၏ ပေါင်းစည်းကောလိပ် အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ ၁၈၇၆ခုနှစ်တွင် ဆရာအတတ်သင်ကျောင်း (နောမန်ကျောင်း)ကို ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၂၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပညာရေးဌာနမှ ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၃၁ခုနှစ်တွင် ဆရာဖြစ်သင် ကောလိပ်ကို ရန်ကုန်တက္ကသိုလ်၏ ပေါင်းစည်း ကောလိပ်အဖြစ် ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၄၇ခုနှစ်တွင် နိုင်ငံတော် ဆရာအတတ်သင် သိပ္ပံကို ရန်ကုန်မြို့၌ ဖွင့်လှစ်ပေးခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ဘဝသစ်ဖန်တီးမှု ပညာရေး စီမံကိန်းကိုရေးဆွဲပြီး ၁၉၅၂ခုနှစ် မှစ၍ ၄နှစ်စီမံကိန်းများ ချမှတ် အကောင်အထည် ဖော်ခဲ့သည်။ လူထုပညာရေး စီမံကိန်းအရ အရေး၊ အဖတ်၊ အတွက် အခြေခံ တတ်မြောက်ရေးအတွက် "အ"သုံးလုံး သင်တန်းများကိုလည်း ဖွင့်လှစ်လေ့ကျင့် ပေးခဲ့ပါသည်။  ၁၉၆၂ခုနှစ် မတိုင်မီဆေးပညာ၊ အင်ဂျင်နီယာ၊ ပညာရေး၊ ဥပဒေ၊ ဝိဇ္ဇာ၊ သိပ္ပံ၊ စိုက်ပျိုးရေး၊ လူမှုရေးသိပ္ပံ၊ သစ်တော စသည့် မဟာဌာနများကို တက္ကသိုလ်များတွင် ဖွဲ့စည်းပြီး အထူးပြုဘာသာရပ် သင်တန်းများ ဖွင့်လှစ် သင်ကြားခဲ့ ပါသည်။ ၁၉၆၂ ခုနှစ်မှစ၍ အချို့သော မဟာဌာနများကို သီးခြားတက္ကသိုလ်များ အဖြစ် ဖွင့်လှစ်ခဲ့ပါသည်။

၁၉၇၁ခုနှစ်မှစ၍ ပညာရေး ၄ နှစ်စီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့သည်။ အခြေခံပညာ ကဏ္ဍတွင် ပညာရေး နှီးနှောဖလှယ်ပွဲများ ကျင်းပ၍ ဆက်လက် ဆောင်ရွက်နိုင်မည့် အစီအမံများကို ရေးဆွဲ ဆောင်ရွက်ခဲ့သည်။ ပညာရေး သုတေသန လုပ်ငန်းများ၊ ပညာရေး စစ်တမ်း ကောက်ယူလေ့လာမှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။ ၁၉၆၄-၁၉၆၅ ခုနှစ်မှစ၍ သက်ကြီး စာတတ်မြောက်ရေး "အ"သုံးလုံး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့သည်။

၂၀ဝ၀-၂၀ဝ၁ ဘဏ္ဍာ‌ရေးနှစ်မှ ၂၀ဝ၃-၂၀ဝ၄ ဘဏ္ဍာရေးနှစ် အထိ အမျိုးသား ပညာရည် မြင့်မားရေး အထူးလေးနှစ် စီမံကိန်းကို ဆောင်ရွက်ခဲ့ပါသည်။ အမျိုးသား ပညာရည် မြင့်မားရေး အနှစ်(၃၀) နှစ်ရှည် စီမံကိန်းကို ၂၀ဝ၁-၂၀ဝ၂ ဘဏ္ဍာ‌ရေးနှစ်မှ ၂၀၃၀-၃၀၃၁ ဘဏ္ဍာရေးနှစ်အထိ သတ်မှတ်ခဲ့ကာ နှစ်တို(၅)နှစ် စီမံကိန်းကာလ(၆)ခု ပိုင်းခြား၍ အကောင်အထည်ဖော်လျက်ရှိ ပါသည်။