မြန်မာဒီဂျစ်တယ်ပညာရေးပလက်ဖောင်း (Myanmar Digital Education Platform-MDEP) နှင့် ပညာရေး ၄.၀ (Education 4.0) ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၂၀၂၀ ဇန်နဝါရီ ၈
 
မြန်မာဒီဂျစ်တယ်ပညာရေးပလက်ဖောင်း (Myanmar Digital Education Platform-MDEP) နှင့် ပညာရေး ၄.၀ (Education 4.0) ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲကိုယနေ့မွန်းလွဲ ၁ နာရီခွဲတွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပသည်။
ရှေးဉီးစွာပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးကအဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် မြန်မာဒီဂျစ်တယ်ပညာရေး ပလက်ဖောင်း (Myanmar Digital Education Platform-MDEP) နှင့် ပညာရေး ၄.၀ (Education 4.0) ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ပညာရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ MDEPကိုကူညီဆောင်ရွက်ပေးပါသောဦးတင်မောင်မောင်အေး၊ တက္ကသိုလ်ကောလိပ်များမှ ပါမောက္ခချုပ်များ၊ဆရာကြီးဆရာကြီးများအားလုံးနှင့် စိတ်ဝင်တစား တက်ရောက်ကြသူများအားလုံးရောဂါဘယကင်းရှင်းပြီးကျန်းမာစေကြောင်းဆုမွန်ကောင်းတောင်းပါကြောင်း၊
ပညာရေးကဏ္ဍတွင် သင်ယူခြင်းသည် အရေးကြီးဆုံးနှင့် အနန္တရတနာသိုက်ဖြစ်ပါကြောင်း၊ ၁၉၉၆ ခုနှစ်တွင် ယူနက်စကို၏International Education Commission မှ ထုတ်ဝေသည့်အစီရင်ခံစာ၌ Learning: The Treasure Withinဟုဖော်ပြထားပါကြောင်း၊ Education 4.0 Report ကိုရေးသားပြုစုရန်အတွက် ဆောင်ရွက်ခဲ့သူမှာပြင်သစ်နိုင်ငံ၏ ပညာရေးဝန်ကြီးဖြစ်ပါကြောင်း၊ Educaiton 3.0 Report ကို UNESCO မှ ၁၉၇၀ ခုနှစ်တွင် ထုတ်ဝေခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် Learning Generation Report ၌ ယနေ့ကမ္ဘာကြီးတွင် AI၊ Robotics၊ Internet of Things၊ Big Data အစရှိသည့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုများကြောင့်ကမ္ဘပေါ်ရှိအလုပ်အကိုင်အခွင့်အလမ်း ၄ ဘီလီယံ မှ ထက်ဝက်မှာမကြာမီဆယ်စုနှစ်များအတွင်း ပျောက်ဆုံးနိုင်ဖွယ် ရှိပါကြောင်း၊သာမန်ကျွမ်းကျင်မှု low level နှင့် medium skills သာရရှိထားသူများအနေဖြင့် အလုပ်အကိုင်ကောင်းများ ရရှိနိုင်မည်မဟုတ်ပါကြောင်းနှင့် high-level skills ရှိသူများ၏ လစာဝင်ငွေများမှာကောင်းမွန်လာသည့်အတွက် မညီမျှမှုများ ဖြစ်လာနိုင်ပါကြောင်း၊ ထိုသို့ မညီမျှမှုများအားကာကွယ်ရန်နှင့် ကလေးငယ်များအားလုံး၏ အနာဂတ်ဘဝသာယာဝပြောရေးကိုဖန်တီးပေးနိုင်သည်မှာ အရည်အသွေးရှိသောပညာရေးဖြစ်ပါကြောင်း၊ Organization for Economic Cooperation and Development (OECD) ၏ Future of Education and Skills (2030) ၌ လူငယ်များ၏ အနာဂတ်ဘဝလှပ၍ ဂုဏ်သိက္ခာရှိစွာဖြင့် နေထိုင်နိုင်ရန်အတွက် လိုအပ်သည့်ပညာရေးစနစ်နှင့် ကျွမ်းကျင်မှုများကို ဖော်ပြထားပါကြောင်း၊လေ့လာလိုသူများအနေဖြင့် ပညာရေးဝန်ကြီးဌာန၏ website တွင် ဖော်ပြထားပါ ကြောင်း၊
ရှေးထုံးအစဉ်အလာပညာရေးစနစ် (Traditional Education System) ဆိုသည်မှာ ဆရာမှသင်ကြား၍ လူနည်းစုမှ ဆုံးဖြတ်ပြီး ဗဟိုမှထိန်းချုပ်ပါကြောင်း၊ ကျောင်းသားများမှာ ဆရာမှ သင်ကြားသည့်စာများကို အလွတ်ကျက်မှတ်ရပြီး သင်ရိုးများနှင့် စာမေးပွဲစစ်ဆေးအကဲဖြတ်မှုများမှာ ပုံသေစံသတ်မှတ် (Standardized) လုပ်ထားပါကြောင်း၊ ပညာရေးမှာ စာမေးပွဲရမှတ်များပေါ်တွင်သာ အခြေခံပါကြောင်း၊ New Normal Education System သည် ဂေဟစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီးသင်ရိုးများမှာ Non-linearဖြစ်ပြီး၊ စစ်ဆေးအကဲဖြတ်မှုမှာပုံသေစံသတ်မှတ်ချက်များမဟုတ်တော့ပဲလိုက်လျောညီထွေမှုရှိလာပါကြောင်း၊ ယင်းစနစ်တွင် Academic Performance သည် အရေးကြီးသကဲ့သို့ အသိပညာ ဗဟုသုတများ၊ ကျွမ်းကျင်မှုများ၊သဘောထားအမြင်များ၊တန်ဖိုးထားမှုများသည် အရေးကြီးပါကြောင်း၊ စုပေါင်း၍ တာဝန်ယူတာဝန်ခံခြင်းနှင့်စုပေါင်းဆုံးဖြတ်ချက်များဖြင့် သင်ယူသူများ၏ မတူညီသောနောက်ခံအခြေအနေနှင့် မျှော်မှန်းရလဒ်များအတွက်သင်ရိုးများ၊သင်ကြားသင်ယူမှုများနှင့်စစ်ဆေးအကဲဖြတ်မှုများကိုလိုအပ်နေသည့် သီအိုရီနှင့် လက်တွေ့ပေါင်းစပ်ပြီး လုပ်ငန်းခွင်လိုအပ်ချက်နှင့် ကိုက်ညီစေသည့် အဆင်မြင့်ကျွမ်းကျင်မှုများရှိရေးဆောင်ရွက်ပေးခြင်းနှင့် ဉာဏ်ရည်ထက်မြက်မှုနှင့် တစ်ပါးသူအပေါ်စာနာပေးနိုင်မှုမှာအရေးကြီးလာပါကြောင်း၊
ဂျာမန်-မြန်မာစီးပွားရေးလုပ်ငန်းရှင်များအသင်း၊ RolandBerger ကုမ္ပဏီနှင့် မြန်မာစစ်တမ်းသုတေသနအဖွဲ့တို့က ၂၀၁၉ ခုနှစ် မေလမှာ ထုတ်ဝေတဲ့ Industry 4.0 in Myanmar: Leapfrogging Across Sectors and How to Overcome theBarriersစက္ကူဖြူစာတမ်းအရ မြန်မာနိုင်ငံ၏ ပညာရေးသည်နည်းပညာများ၊ဒီဂျစ်တယ်ဆိုင်ရာစီမံခန့်ခွဲမှုများအတွက် အဆင်သင့်မဖြစ်သေးသကဲ့သို့ စီးပွားရေးလုပ်ငန်းများနှင့် လိုက်လျောညီထွေမှုမရှိသေးပါကြောင်း၊ သို့သော် လူငယ်များအနေဖြင့် သင်ယူလိုခြင်း၊ မိုဘိုင်းဆက်သွယ်ကွန်ရက်များ အားကောင်းလာသဖြင့် လူတိုင်း Smart Phoneအသုံးပြုခြင်းသည် အရှေ့တောင်အာရှနိုင်ငံများတွင် တတိယအဆင့်ရှိခြင်းတို့သည် အားသာချက်များဖြစ်ပြီးယင်းတို့ကိုတက္ကသိုလ်များတွင် ခေတ်အခြေနေနှင့်လိုက်လျောညီဖြစ်အောင် သင်ရိုးများမြှင့်တင်နိုင်ခြင်း၊ Industry 4.0 နှင့်ကိုက်ညီသောနည်းပညာများကိုပညာရေးကလိုက်လျောညီထွေဖြစ်အောင် စက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်ပေးနိုင်ပါကအခွင့်အလမ်းများရှိလာနိုင်ပါကြောင်း၊မိမိတို့စွမ်းဆောင်ရည်ကိုအမြင့်ဆုံးသောအရည်အသွေးရှိအောင်မြှင့်တင်၍ ပညာရေးအရည်အသွေးရှိအောင် စုပေါင်းအင်အားဖြင့်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြရန် မေတ္တာရပ်ခံပါကြောင်းစသည်ဖြင့် ပြောကြားသည်။
အစည်းအဝေးတွင်MDEPမှ ဦးတင်မောင်မောင်အေးနှင့်သက်ဆိုင်ရာတာဝန်ရှိသူများကMDEP Background & Developments, Future-ready Education, Walkthrough “DBE BOX” & “DBE LMS” များကိုတင်ပြကြပြီးတက်ရောက်လာသူများကသိလိုသည်များကိုရင်းနှီးပွင့်လင်းစွာဆွေးနွေးမေးမြန်းအကြံပြုကြပါသည်။ ထို့နောက် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာပြုံးပြုံးအောင် က ကျေးဇူးတင်စကားပြောကြားသည်။
ယနေ့ဆွေးနွေးပွဲသို့ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ ပညာရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးချုပ်များ၊ MDEPကိုကူညီ ဆောင်ရွက်ပေးနေသည့် ဦးတင်မောင်မောင်အေး၊ တက္ကသိုလ်၊ ကောလိပ်များမှ ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာဆရာမများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြကြောင်းသတင်းရရှိသည်။