ရန်ကုန် ၂၀၂၂ ဧပြီ ၂၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းတို့နှင့်အတူ ယနေ့ညနေပိုင်းတွင် ရန်ကုန် ပညာရေးတက္ကသိုလ်မှ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ပညာရေးဘွဲ့ စာပေးစာယူ အမှတ်စဉ်(၃၇) ဒုတိယနှစ်နှင့် အမှတ်စဉ်(၃၈)ပထမနှစ် သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံပွဲကို ရန်ကုန်မြို့ ရန်ကုန် ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ဆရာ ဆရာမတို့၏ ဘဝရှေ့ရေး တက်လမ်းအတွက် ကြိုးစားကြစေလိုကြောင်း၊ ပညာရေးဘွဲ့ စာပေးစာယူ သင်တန်းများကို ပညာရေးဘွဲ့မရရှိသေးသည့် ဆရာ ဆရာမများအတွက် ရန်ကုန် ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်း ပညာရေးတက္ကသိုလ်များတွင်သာမက ပညာရေးဒီဂရီကောလိပ် (၂၅)ခုတွင် တိုးချဲ့ ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနတွင် B.Ed ဘွဲ့မရရှိ သေးသည့် ဆရာ ဆရာမ အများအပြား ရှိပါကြောင်း၊ သို့ဖြစ်၍ ပညာရေးဘွဲ့မရရှိ သေးသည့် ဆရာဆရာမများအနေဖြင့် ပညာရေးဘွဲ့ရရှိရန် နှစ်ပေါင်းများစွာ စောင့်ဆိုင်းရမည် ဖြစ်သည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ ဖွင့်လှစ် အကောင်အထည်ဖော် ဆောင်ရွက်သည့်အတွက် နှစ်အနည်းငယ်အတွင်း ပညာရေးဘွဲ့ကို သင်တန်းသား သင်တန်းသူအားလုံး ရရှိနိုင်မည် ဖြစ်ပါကြောင်း။
နွေရာသီတွင် သင်တန်းဖွင့်လှစ်သည့်ကာလ တိုတောင်းသော်လည်း မိမိတို့၏ ဘဝရည်မှန်းချက်များအဖြစ် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ဘွဲ့ရရှိပြီးသည့်အပြင် မိမိတို့၏ ဘာသာရပ်ဆိုင်ရာများကိုပါ ထူးချွန်ကျွမ်းကျင်အောင် ကြိုးစားကြရန်တိုက်တွန်း ပြောကြားလိုကြောင်း၊ မေ ၂၆ ရက်တွင် ကျောင်းအပ်နှံရေးလုပ်ငန်းများကို စတင်မည်ဖြစ်ပြီး ဇွန် ၁ရက်တွင် အခြေခံပညာကျောင်းများကို ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများသည် ပရဟိတသမားများပင် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ကျောင်းသား ကျောင်းသူများကို ပညာ သင်ကြားရာတွင် အဆင့်အတန်း ခွဲခြားဆက်ဆံခြင်းများ မပြုလုပ်ဘဲ တန်းတူညီမျှ သင်ကြားပေးကြရမည် ဖြစ်ပါကြောင်း ပြောကြားပြီး သင်တန်းသားသင်တန်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပညာရေးစာပေးစာယူ သင်တန်းအမှတ်စဉ်(၃၈) ပထမနှစ်နှင့် သင်တန်းအမှတ်စဉ်(၃၇) ဒုတိယနှစ် သင်တန်းများကို ဧပြီလ ၁၉ ရက်နေ့မှ မေလ ၂ ရက် အထိ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။