မေလ(၁၂) ရက်တွင် တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များအားလုံး အတန်းစုံ ကျောင်းပြန်ဖွင့်မည်

နေပြည်တော် ၂၀၂၂ မတ် ၃၀

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ အခြေခံ ပညာဦးစီးဌာနရှိ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံပွဲကို ယနေ့ ညနေပိုင်းက နေပြည်တော် ပညာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက  အားလုံးညီညီညွတ်ညွတ် ပူးပေါင်း၍  ပညာရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ   ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်များ၊ ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များ၏ အတန်းအားလုံး၊ ဘာသာရပ်များအားလုံးကို  ၂၀၂၂ခုနှစ်၊ မေလ(၁၂)ရက်တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ကျောင်းသူများ၏ ပထမနှစ်သင်တန်းများကိုပါ မေလ(၁၂)ရက်တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ဝင်ခွင့်ရတက္ကသိုလ်များ စာရင်းကို သက်ဆိုင်ရာ တက္ကသိုလ် အသီးသီးတွင် ဧပြီလ(၁)ရက်၌ ကြေငြာသွားမည်ဖြစ်ကြောင်း၊ အဝေးသင် တက္ကသိုလ် သင်တန်းများသည် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် အနီးကပ်သင်တန်း တက်ရောက်ဖြေဆို ကြမည်ဖြစ်ကြောင်း၊ နိုဝင်ဘာလတွင် စာသင်နှစ်ဝက်အသစ် အတွက် တက္ကသိုလ်အတန်းများကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ကျောင်းသူများလည်း တက်ရောက်ကာ ပုံမှန်စာသင်နှစ်ဖြင့် ဖွင့်လှစ်သင်ကြား ပေးသွားနိုင်ရန် ကြိုးစားကြစေလိုကြောင်း၊ လက်ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် စာစစ်လုပ်ငန်းများအတွက် လိုအပ်သည်များကို တက္ကသိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ အခြေခံဆရာ ဆရာမများအားလုံး ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ မေလ(၁၂) ရက်တွင် တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များအားလုံး အတန်းစုံ ကျောင်းပြန်ဖွင့်မည်ဖြစ်၍ မိမိတို့ကျောင်းအလိုက် သန့်ရှင်းသာယာရေး၊ ဥပဓိရုပ် ကောင်းမွန်ရေးနှင့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများ  အသင့်ပြင်ဆင် ဆောင်ရွက်ထားကြစေလိုကြောင်း၊  ကိုဗစ်စင်တာ ဖွင့်လှစ်ခဲ့သော အဆောင်များကို ပိုးသတ်သန့်စင်ထားရမည်ဖြစ်ကြောင်း၊ တက္ကသိုလ် များတွင် BA(Law)နှင့် BA(Eco) သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းများကို အသင့်ပြင်ဆင် ထားကြစေလိုကြောင်း၊ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို  ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်ချက်များရှိပါက ချက်ချင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုစဉ် ကာလအတွင်း အမှားအယွင်းမရှိစေရေးနှင့် အောင်မြင်စွာ ပြီးမြောက်နိုင်ရေးအတွက် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးဇော်ဝင်းတို့က ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ စနစ်တကျ ဆောင်ရွက်ရေး ကိစ္စရပ်များကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း နှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းတို့က လတ်တလောနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။