နေပြည်တော် ၂၀၂၁ ဇန်နဝါရီ ၂၈
မူလတန်းအောက်ဆင့် သင်္ချာစွမ်းရည်နှင့်စာဖတ်စွမ်းရည်စစ်ဆေးအကဲဖြတ်ခြင်း(Early Grade Mathematics Assessment and Reading Assessment – EGRA/EGMA) သုတေသနလုပ်ငန်း၏တွေ့ရှိချက်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ တင်ပြ ခြင်းလုပ်ငန်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် မူလတန်းအောက်ဆင့် သင်္ချာစွမ်းရည်နှင့် စာဖတ် စွမ်းရည်စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းတွင် ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မူလတန်းကလေးငယ်များ၏ စာဖတ်စွမ်းရည်၊ အရေးစွမ်းရည်နှင့် သင်္ချာစွမ်းရည်များကို ပိုမို မြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့မြှင့်တင်ဆောင်ရွက်ပေးနိုင်မှသာ မူလတန်း ကလေးငယ်များသည် တစ်သက်တာ သင်ယူမှုအခွင့်အလမ်းများကိုပိုင်ပိုင်နိုင်နိုင်ရရှိပြီး ၂၁ ရာစု ကျွမ်းကျင်မှု စွမ်းဆောင်ရည်များကို ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ မူလတန်းအောက်ဆင့် သင်္ချာစွမ်းရည်နှင့်စာဖတ်စွမ်းရည် စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းသည် အရေးကြီးသော လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ အခြေခံအကျဆုံး လိုအပ်ချက်သည် အရေး၊ အဖတ်၊ အတွက် ဖြစ်ပါကြောင်း၊ ၂၁ ရာစုကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များကို မြှင့်တင် ဆောင်ရွက်ရာတွင် အခြေခံအရေး၊ အဖတ်၊ အတွက်သာမက သိပ္ပံနှင့် အခြေခံကွန်ပျူတာ၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှုနှင့်ပြည်သူ့နီတိ စသည့်ကျွမ်းကျင်မှုများသင်ယူတတ်မြောက်ရန် အရေးကြီးပါ ကြောင်း၊ နှစ်စဉ်သုတေသနရလဒ်များအရ ကလေးများ စာတစ်ပိုဒ်ကိုဖတ်သည့်အခါ တစ်စိတ်တစ်ပိုင်းပဲ ဖတ်နိုင်ပြီး တစ်စိတ်တစ်ပိုင်းပဲဆွေးနွေးနိုင်မည့်ကလေးများရှိသလို စာတစ်ပိုဒ်ကိုဖတ်ပြီးလုံးဝ မဆွေး နွေးနိုင်သည့် ကလေးများရှိပါကြောင်း၊ စာတစ်လုံးကိုတောင် မဖတ်နိုင်သည့်ကလေးများ လည်း ရှိပါကြောင်း၊ ထိုကဲ့သို့ စာတစ်လုံးမှ မဖတ်နိုင်သည့် ကလေးများရှိသောဒေသများတွင် သူတို့အတွက် မည်သို့ဆောင်ရွက်ပေးရမည်။ သူတို့၏ဆရာ၊ ဆရာမများကို သင်တန်းပေးရန်၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှု နည်းလမ်းများဖြင့် မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်မည်၊ ကျောင်း၊ကျောင်းအုပ်၊ဆရာ၊ဆရာမများ၊မိဘများနှင့်ပူးပေါင်း၍ လိုအပ်ချက်များကို ဖြည့်ဆည်း ဖြေရှင်း၍ စာဖတ်စွမ်းရည်နှင့်အခြေခံသင်္ချာစွမ်းရည်မြှင့်တင်ပေးနိုင်မည်ကို လက်တွေ့ကျကျ ဆောင်ရွက်ပေးရန်အရေးကြီးပါကြောင်း၊ South East Asia Primary Learning Metrics-SEA PLM အစီရင်ခံစာနှင့် ယခု EGRA , EGMA ၏အစီရင်ခံစာအရ မူလတန်းပြ ဆရာဆရာမများ၊ မူလတန်းကျောင်းအုပ်များ၊ ပံ့ပိုးပေးကြသည့် မြို့နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများ၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ဦးစီးဆောင်ရွက်ပေးသည့် ပညာရေးသုတေသန စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများ၊ The World Bank ၊ UNICEF နှင့် ကူညီပံ့ပိုးပေးသည့်မိတ်ဖက် အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရှိပြီး မှတ်တမ်းတင်ပါကြောင်း၊ စာသင်ခန်းတွင်ရှိသည့် မူလတန်း ကလေးငယ်များအားလုံး ၂၁ရာစု၏ ကျွမ်းကျင်မှုအတွက် အခြေခံလိုအပ်ချက်ဖြစ် သော အဖတ်စွမ်းရည်၊ အရေးစွမ်းရည်၊ အတွက်စွမ်းရည်ကောင်းရန်နှင့် သိပ္ပံ၊ အခြေခံကွန်ပျူတာ၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့နီတိများ သင်ယူတတ်မြောက်နိုင်ရန် အရေးကြီးပါကြောင်း၊ ကျောင်းထွက်မှုလုံးဝမရှိစေရန်နှင့် Learning Poverty မဖြစ်စေရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် အရေးကြီးသည့်စီမံကိန်းဖြစ်၍ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြရန် အသိပေးမေတ္တာရပ်ခံအပ်ပါကြောင်း၊ ယခုလုပ်ငန်းတွင် ပူးပေါင်းပါဝင်ရန်အဓိကကျသူများမှာ မိဘများနှင့်မိဘဆရာအသင်းများဖြစ်ပါ ကြောင်း၊ မိဘဆရာအသင်းများ၏ပူးပေါင်းပါဝင်မှုမရှိဘဲ လုပ်ငန်းမအောင်မြင်နိုင်ပါကြောင်း၊ စာဖတ်၊ စာရေး၊ အခြေခံသင်္ချာ၊ အခြေခံသိပ္ပံ၊ အခြေခံကွန်ပျူတာ၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှု နှင့်ပြည်သူ့နီတိများသင်ယူရာတွင် အားနည်းနေသည့် ကလေး ငယ်များကို မိဘများ၊ မိဘဆရာ အသင်းများက ဆရာများနှင့်ပူးပေါင်းပါဝင်၍ အထောက်အကူပြုပံ့ပိုးပေးလျှင် လုပ်ငန်း အောင်မြင်မည်ဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြား သည်။ ထို့နောက် Mr Saurav Dev Bhatta, Senior Economist and Education Team Leader, The World Bank က မူလတန်းအောက်ဆင့်သင်္ချာ စွမ်းရည်နှင့် စာဖတ်စွမ်းရည် စစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ခြုံငုံ သုံးသပ်ခြင်းကိုလည်းကောင်း၊ ၊ ပညာရေး သုတေသန စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ သုတေသန ဌာနခွဲမှ ဒေါ်အိဖြူမောင်၊ ဒေါ်ပွင့်ဆက်ခင်၊ ဒေါ်ခင်သိမ့်သိမ့်ဖြိုးတို့က EGMA နှင့် EGRA သုတေသန လုပ်ငန်းများ၏ တွေ့ရှိချက်များကို လည်းကောင်း၊ ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန သုတေသနဌာနခွဲမှ ဒေါ်ယုမော်ဝင်းက Early Grade Teaching Manual များ ဆောင်ရွက်နေမှုအခြေအနေနှင့် ပတ်သက်၍လည်းကောင်း၊ အခြေခံပညာဦးစီးဌာန စီမံကိန်းဌာနခွဲမှ ဒေါက်တာဖြိုးမမဟိန်းက Early Grade Teaching Intervention အစီအစဉ်များကိုလည်းကောင်း၊ ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန သုတေသန ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးသီတာစိုးက ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့် ပတ်သက်၍လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြသည်။ ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားသည်။ ယနေ့အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်အဖွဲ့၊ ပညာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး ပြည်နယ် ပညာရေးမှူးများ၊ Early Grade Teaching နည်းပညာဆိုင်ရာအဖွဲ့ဝင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြကြောင်း သတင်းရရှိသည်။