မူလတန်းသင်ရိုးသစ် မိတ်ဆက်ခြင်းဆိုင်ရာ ကြီးကြပ်သူများဆွေးနွေးပွဲသို့ ပြည်ထောင်စု၀န်ကြီး တက်ရောက်

ရန်ကုန် ၂၀၁၇ ဇန်န၀ါရီ ၂၀



မူလတန်းသင်ရိုးသစ် မိတ်ဆက်ခြင်းဆိုင်ရာ ကြီးကြပ်သူများဆွေးနွေးပွဲကို ယနေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့အုပ်ချုပ်မှုသင်တန်းကျောင်း၌ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကားပြောကြားသည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စု၀န်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားရာ သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲရေးသည် ပညာရေးတွင်အဓိကအရေးကြီးသည့် အခန်းကဏ္ဍတွင် ပါ၀င်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ဆရာ ဆရာမကြီးများအား မှာကြားလိုသည်မှာ စာမေးပွဲများ နီးကပ်လာပြီဖြစ်သည့်အတွက် မေးခွန်းများမှားယွင်းမှု မရှိစေရန် အရေးကြီးပါကြောင်း၊ အလယ်တန်းပညာ သင်ယူပြီးမြောက်ရေးအတွက် မေးခွန်းများပြုစုရာတွင် ၀ါရင့်ကျွမ်းကျင်သည့် ဆရာ၊ ဆရာမကြီးများအား တာ၀န်ပေးအပ်ရန် လိုအပ်ပါကြောင်း၊ မေးခွန်းများ မပျောက်ပျက်မပျက်စီးစေရန်နှင့် စာမေးပွဲများအောင်မြင်စွာ ကျင်းပနိုင်ရန် အလေးအနက်ထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မူလတန်းပညာ သင်ယူပြီးမြောက်ရေး စာမေးပွဲတွင် မိမိတို့ကျရာတာ၀န်ကို ကျေပွန်စွာထမ်းဆောင်ကြစေလိုကြောင်း၊ တက္ကသိုလ်၀င်စာမေးပွဲများအတွက် မေးခွန်းများမှားယွင်းမှု မရှိစေရေး စနစ်တကျစီမံ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ စာမေးပွဲအဖြေလွှာများ စစ်ဆေးရာတွင် ဘာသာရပ်အလိုက် ကျွမ်းကျင်သူများအား ရွေးချယ်စေလွှတ်ရန် လိုအပ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းထွက်သွားခြင်း မရှိစေရန်နှင့် ကျောင်းထွက်မှုနှုန်း လျော့ကျစေရန် အရေးကြီးပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတွင်ပျော်ရွှင်မှုရှိစေရန် သင်ကြားသင်ယူမှု ၀န်းကျင်ကောင်းများဖန်တီးရန် ဆရာ၊ ဆရာမများပေါ်တွင် မူတည်ပါကြောင်း၊ ကျောင်းများတွင် ကွမ်း၊ ဆေးလိပ်နှင့် မူးယစ်ဆေး၀ါးများ ကင်းစင်စေရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဆရာ၊ ဆရာမများ ကြုံတွေ့နေရသည့် အခက်အခဲများအား ကျောင်းအုပ်ကြီးများမှ လိုအပ်ချက်များကို စာရင်းပြုစုပြီး ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ဆရာ၊ ဆရာမများ သိပ္ပံဘာသာရပ်များ အရည်အသွေး တိုးတက်မြင့်မားစေရေး ပြုစုပျိုးထောင်ရန် လိုအပ်ပါကြောင်း၊ ကျောင်းထောက်ပံ့ကြေးများအား စနစ်တကျ အချိုးညီမျှစွာ အကျိုးရှိစွာ သုံးစွဲဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားလုံးဝိုင်း၀န်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ဖြင့်ပြောကြားသည်။ အဆိုပါ မူလတန်းသင်ရိုးသစ် မိတ်ဆက်ခြင်းဆိုင်ရာ ကြီးကြပ်သူများ ဆွေးနွေးပွဲကို ဇန်န၀ါရီ(၁၉)ရက်မှ ဇန်န၀ါရီ(၂၀)ရက်နေ့အထိ ကျင်းပခဲ့ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး စုစုပေါင်း(၂၁၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ အလားတူ မူလတန်းသင်ရိုးသစ် မိတ်ဆက်ခြင်းဆိုင်ရာ ကြီးကြပ်သူများ ဆွေးနွေးပွဲပထမအကြိမ်ကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့အုပ်ချုပ်မှု သင်တန်းကျောင်း၌ ဇန်န၀ါရီ (၁၆)မှ ဇန်န၀ါရီ (၁၇)အထိ တက်ရောက်သူအင်အား ၂၂၄ ဦးဖြင့် ကျင်းပခဲ့ပြီး မူလတန်းသင်ရိုးသစ် ၏ရည်ရွယ်ချက်များနှင့် သွင်ပြင်လက္ခဏာများကို နားလည်သဘောပေါက်စေရန်၊ မူလတန်းသင်ရိုး သစ်မိတ်ဆက်ခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိ၏တာ၀န်နှင့် အခန်းကဏ္ဍများကို နားလည်စေရန် တို့အတွက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ပထမတန်းသင်ရိုးသစ် ဗဟိုအဆင့်သင်တန်း/ ဆွေးနွေးပွဲများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဇန်န၀ါရီ(၂၃)ရက်မှ ဖေဖော်၀ါရီ(၇)ရက်နေ့အထိ ပထမအကြိမ်အဖြစ် လည်းကောင်း၊ ဖေဖော်၀ါရီ(၁၃)ရက်မှ ဖေဖော်၀ါရီ(၂၈)ရက်နေ့အထိ ဒုတိယအကြိမ်အဖြစ် စုစုပေါင်း(၂၉၂)ဦးဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် သင်တန်း/ဆွေးနွေးပွဲကို မတ်လ(၂၄)ရက်မှ ဧပြီ(၈) ရက်နေ့အထိ စုစုပေါင်းအင်အား ၄၀၀၀ ဦးဖြင့်လည်းကောင်း၊ မြို့နယ်အဆင့် သင်တန်း/ ဆွေးနွေးပွဲကို ဧပြီလ(၂၄)ရက်မှ မေလ(၉) ရက်နေ့အထိ စုစုပေါင်းအင်အား ၄၇၀၀၀ ဦးဖြင့် လည်းကောင်း၊ ကျောင်းမိသားစု အဆင့်သင်တန်း/ ဆွေးနွေးပွဲကို မေလ (၁၁)ရက်မှ မေလ(၂၄)ရက်နေ့အထိ မူလတန်းအဆင့်သင် ဆရာ၊ ဆရာမ စုစုပေါင်း အင်အား ၂၅၀၀၀၀ ဦးဖြင့် လည်းကောင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။