မိမိတို့ကျင်လည်ရာ ပတ်ဝန်းကျင်ကို ကျော်လွန်ထိုးဖောက် ကြည့်မြင်နိုင်စွမ်းရှိသည့် ကျောင်းသား/ကျောင်းသူများဖြစ်အောင် သင်ကြားပေးရန် အရေးကြီး

နေပြည်တော် ၂၀၂၁ ဧပြီ ၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ၊ ညွှန်ကြား‌ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်းနှင့် ဇမ္ဗူသီရိမြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်ထားသည့် အခြေခံပညာအလယ်တန်းအဆင့် သင်ရိုးသစ်Grade-7၊ အခြေခံပညာအထက်တန်းအဆင့်သင်ရိုးသစ် Grade_10 မြို့နယ်အဆင့် မွမ်းမံသင်တန်းများသို့ သွားရောက်၍ လှည့်လည်ကြည့်ရှု အားပေးသည်။ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ ဘာသာရပ် ဆိုင်ရာဆရာဆရာမများနှင့် တွေ့ဆုံရာတွင် နွေရာသီပူပြင်းသော်လည်း ဘာသာရပ်မွမ်းမံ သင်တန်း များသို့ မပျက်မကွက်တက်ရောက်လာကြသည့် ဆရာဆရာမများကို ကျေးဇူးတင်ချီးကျူး ဂုဏ်ယူပါကြောင်း၊   ယခုမွမ်းမံသင်တန်းတွင် သင်ရိုးသစ်ဘာသာရပ်အလိုက် သင်ကြားနည်းစနစ်များ ကို ဆရာလမ်းညွှန်စာအုပ်ကို အခြေခံကာဆွေးနွေးပို့ချပေးလျက်ရှိပါကြောင်း၊ သမိုင်း ပထဝီဝင်စသည့် မိမိတို့တာဝန်ကျရာ ဘာသာရပ်များနှင့်ပတ်သက်၍ ဘာသာရပ်ကို ပိုမိုကျွမ်းကျင် တတ်မြောက်အောင် အမြဲလေ့လာကြိုးပမ်းနေရန် လိုအပ်ပါကြောင်း၊  ကျောင်းသားကျောင်းသူများကို သင်ကြားရာတွင် မိမိအားပညာသင်ကြားပေးသည့် ဆရာဆရာမများနှင့် မိဘများအပေါ် ရိုသေလေးစား၍ ကျေးဇူးတရား သိတတ်သည့် နိုင်ငံအတွက်အားထားရသော လူရည်ချွန် လူရည်မွန် များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြ စေလိုပါကြောင်း၊ မိမိတို့ကျင်လည်ရာပတ်ဝန်းကျင်ကို ကျော်လွန်ထိုးဖောက် ကြည့်မြင်နိုင်စွမ်းရှိသည့် ကျောင်းသားကျောင်းသူများဖြစ်အောင် သင်ကြားပေးရန်အရေးကြီးပါ ကြောင်း၊ ဆရာဆရာမများ အနေဖြင့် ဘယ်နေရာ ဘယ်အခြေအနေမှာပဲရှိရှိ စိတ်စေတနာကောင်း ရှိရန်နှင့် ကိုယ်ချင်းစာစိတ်၊ စာနာစိတ်ထားကာ မိမိတာဝန်ယူသည့် အလုပ်အပေါ် ကြိုးစား ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ မိမိတို့ကျောင်းအုပ်ကြီးမပါသော်လည်း မိမိကျောင်းနှင့် ကျောင်းသားကျောင်းသူများ၏လိုအပ်ချက် အခက်အခဲများကို တင်ပြနိုင်ပါကြောင်း၊ လိုအပ်ချက် များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ၊ စာသင်ဆောင်၊ စာသင်ခုံ၊ စာသင်ခန်း၊ စာကြည့်တိုက်၊ ရေစင်၊ ရေ၊ မီး စသည်များနှင့် ကျောင်းသား ဆရာအချိုးအရ သန့်စင်ခန်း စသည်များကိုလည်း အလျင်အမြန် ဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း၊ ဆရာဆရာမများ အနေဖြင့် ကျောင်းဖွင့်အမီ မိမိတို့ကျောင်း ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်သာယာရေးတို့အတွက်လည်း  ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ကျောင်းသားကျောင်းသူများကလည်း မိမိကျောင်း၊ မိမိစာသင်ခန်းကို သန့်ရှင်းသပ်ရပ်အောင် ထိန်းသိမ်းတတ်သော စည်းကမ်းရှိသည့် အလေ့အကျင့်ကောင်းများကို ပြုစုပျိုးထောင်ပေးကြစေလို ပါကြောင်းဖြင့် မှာကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘာသာရပ်ဆိုင်ရာ သင်ကြားသင်ယူနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး သင်တန်းတက်ရောက်လာသည့် ဆရာဆရာမများ က  သိရှိလိုသည်များကို မေးမြန်းကာ ကျောင်းလိုအပ်ချက်များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြား၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လမ်းညွန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။