ဘက်စုံပညာထူးချွန် (ငွေဆောင်) စခန်းပိတ်သိမ်းပွဲမှ အမှတ်တရစကားသံများ စုစည်းမှု

ဧပြီ ၂၇ ရက်မှ မေ ၂ ရက်အထိဖွင့်လှစ်ခဲ့သော ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းတည်ရှိသည့် ငွေဆောင်အပန်းဖြေစခန်းတွင် စခန်းသွင်းကာလအတွင်း ထူးချွန်မောင်မယ်များအနေဖြင့် သဲသောင်ပြင်ပေါ်တွင် သန့်ရှင်းလတ်ဆတ်သော ပင်လယ်လေကို ရှူရှိုက်ကာ ကိုယ်လက်လှုပ်ရှားအားကစားပြုခဲ့ကြပုံများ၊ ပင်လယ်ရေကို ပျော်ပျော်ပါးပါး ဆော့ကစားခဲ့သည်များနှင့် လေ့လာရေးခရီးစဉ်မှရရှိသည့် ဒေသန္တရဗဟုသုတများကို တစ်သက်တာမမေ့နိုင်စရာများဖြစ်နေမည်သာဖြစ်သည်။
 
၂ဝ၁၆ ဘက်စုံပညာထူးချွန်(ငွေဆောင်)စခန်း ပိတ်သိမ်းပွဲနှင့် မီးပုံပွဲကို ငွေဆောင်ကမ်းခြေ၊ ပုလဲငွေဆောင်ဟိုတယ်မြက်ခင်းပြင်၌ မေ ၂ ရက် ညနေ ၆ နာရီမှ စတင်ပြုလုပ်ခဲ့ရာ စခန်းပိတ်သိမ်းပွဲတွင် ကျောင်းသား ကျောင်းသူများနှင့် ကြီးကြပ်သူဆရာ ဆရာမများက ပါဆယ်ဂိမ်းကစားခြင်း၊ သီချင်းသီဆိုခြင်း၊ လက်ဆောင်ပစ္စည်း အပြန်အလှန်လဲလှယ်ခြင်းတို့ပြုလုပ်ခဲ့သည်။
 
အဆိုပါစခန်းတွင် အပန်းဖြေကာလပြီးဆုံးပြီဖြစ်၍ နေရပ်ဒေသအသီးသီးသို့ပြန်ကြမည့် ကျောင်းသား ကျောင်းသူများနှင့် စခန်းတာဝန်ရှိသူများ၊ လူရည်ချွန်ဟောင်းများ၏ ရင်တွင်းစကားသံများကို စုစည်းရေးသားလိုက်ရပါသည်။
 
ဦးဝင်းမောင်
(ညွှန်ကြားရေးမှူး၊ ငွေဆောင်အပန်းဖြေစခန်းတာဝန်ခံ)
 
ကလေးတွေကို ညနေပိုင်း ပင်လယ်ပြင်မှာ ရေဆင်းကူးတဲ့အခါ ရာသီဥတုက ပူတဲ့အခါကျတော့ ညနေ ၄ နာရီခွဲကနေ နာရီဝက် လောက်ပဲခွင့်ပြုတယ်။ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပေါင်းစပ် ညှိနှိုင်းပြီး လုံခြုံရေး၊ မီးသတ်၊ ကြက်ခြေနီတွေ၊ ရေကူးသက်ကယ် အဖွဲ့တွေနဲ့ ဂရုတစိုက် စောင့်ရှောက် ပေးတယ်။ စခန်းမှာနေစဉ်ကာလမှာလည်း ကျန်းမာရေးနဲ့ပတ်သက်လို့ ယုဇနနဲ့ ပုလဲငွေဆောင် ဟိုတယ်မှာ ဆေးခန်းတစ်ခုစီထားပေးထားတယ်။အစားအစာကအစ အပြင်စာတွေ မစားဖို့မှာကြားထားတယ်။ ကျွန်တော် ကိုယ်တိုင်လည်း သွားလေရာမှာ အနီး ကပ်ကြီးကြပ်ပြီး လိုက်ပါခဲ့ပါတယ်။ခုထိ အေးအေးချမ်းချမ်းပျော်ပျော် ရွှင်ရွှင်ပါပဲ။
 
မခင်နှင်းထက်ခိုင်
(သုံးထပ်ကွမ်း လူရည်ချွန်၊ အထက-၂၊ သန်လျင်၊ ရန်ကုန် တောင်ပိုင်းခရိုင်)
 
ဆယ်တန်းဆိုတော့ ကျောင်းစာတွေကလည်း တအားကျက်ရတယ်။ ကျောင်းပြင်ပ ဗဟုသုတတွေရှာဖို့ ဘယ်မှမသွားဖြစ်ဘူး။ ဒီနှစ် စာ တော်တော်ကြိုးစားခဲ့ရတယ်။ ဒီငွေဆောင်စခန်းက သမီးအတွက် လေ့လာစရာ ဗဟုသုတတွေ အများကြီးရလိုက်တယ်။ စခန်းကလူကြီးတွေ အကုန်လုံးက အစားအစာကအစ၊ ရေကစားတာပါမကျန် မိဘတွေလိုပဲ ဂရုစိုက်ပါတယ်။ နောက်ပြီး မျိုးသုဉ်း တော့မယ့် သတ္တဝါလေးတွေ အကြောင်း၊ ဒေသခံတွေရဲ့ လူနေမှုဘဝတွေကိုလည်းလေ့လာခွင့်ရတယ်။ညဆို ပညာအလင်္ကာအဖွဲ့က မြန်မာ့ ရိုးရာတေးသီချင်းတွေနဲ့ ဖျော်ဖြေတဲ့ အပြင် ကျောင်းသား ကျောင်းသူ တွေကိုယ်တိုင်ကလည်း စင်ပေါ်တက်ပြီး ဖျော်ဖြေကြတော့ တစ်နေ့ တာအတွက် အပန်းပြေပါတယ်။ ဒီလို လူရည်ချွန်စခန်းတွေက အပန်းလည်း ပြေတဲ့အပြင် ဗဟုသုတလည်းတိုးတဲ့ အတွက် ကျောင်းသား ကျောင်းသူတွေ အနေနဲ့ စာကိုကြိုးစားပါ။ ကိုယ့် ကိုယ်ကိုယ် လူရည်ချွန်မဖြစ်နိုင်ဘူး မထင်ပါနဲ့။ ကြိုးစားရင်ဖြစ်နိုင်ပါတယ်။ လူရည်ချွန်ဆိုတာ (၈)တန်း၊ (၉)တန်း၊ (၁ဝ)တန်း အကုန်လုံးမှာဖြစ်မှ မဟုတ်ပါဘူး။ တစ်ခုခုမှာဖြစ်ခဲ့ရင် ထာဝရ လူရည်ချွန်ပါပဲလို့ ပြောချင်ပါတယ်။
 
မောင်ဟာရှိန်းကီး (သုံးထပ်ကွမ်းလူရည်ချွန်၊ အထက-ကန်ပက်လက်၊ မင်းတပ်ခရိုင်၊ ချင်းပြည်နယ်)
 
လူရည်ချွန်စခန်းတွေက ကျွန်တော် တို့အတွက် အပန်းဖြေရင်း ဗဟုသုတတွေ အများကြီးရပါတယ်။ ဒါကြောင့် သင်ကြားပေးတဲ့ ဆရာဆရာမတွေရော ဒီစခန်းက တာဝန်ရှိသူတွေ၊ ဆရာဆရာမကြီးကြပ်တွေအားလုံးကိုပါ ကျေးဇူးတင်ပါတယ်။ သုံးထပ်ကွမ်း လူရည်ချွန်ဖြစ်ဖို့ ကျွန်တော် တော်တော် ကြိုးစားခဲ့ရတယ်။ ချင်းပြည်နယ်က အခြားမြို့တွေလို မဟုတ်ဘူး။ ပညာ ရေးအခြေအနေ တော်တော်လေး ကွာတယ်။ ကျွန်တော်တို့က ကန်ပက်လက်ကနေ မင်းတပ်ကို လူရည်ချွန်ဖြစ်ဖို့ သွားပြိုင်ရတာ။ လမ်းပန်းဆက်သွယ်ရေးနည်းနည်း အခက်အခဲရှိတယ်။ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးစနစ်ကလည်း အားနည်းချက်ရှိတယ်။ နယ်ကျောင်းတွေ ဆိုတော့လည်း ဆရာ ဆရာမတွေက စေတနာအလွန်ကောင်းကြပေမယ့် သင်ကြားမှုအပိုင်းက နည်းနည်း လိုအပ်ချက်လေးတွေရှိတယ်။ တချို့ မိဘတွေအပိုင်းကလည်း ပညာရေးဘက်မှာ အားပေးမှုအားနည်းတယ်လို့ မြင်မိတယ်။ ဒေသမှာ လိုအပ်တာတွေကို ကိုယ်တတ်တဲ့၊ ကိုယ်သိတဲ့ပညာနဲ့ တစ်ထောင့်တစ်နေရာကနေ ဖြည့်ဆည်း ပေးချင်တယ်။ ဒါကြောင့် စာကြိုးစားခဲ့တယ်။ ကျွန်တော့်ဝါသနာက အိုင်တီ ပညာရှင်ဖြစ်ချင်တာ။ တကယ်လို့ ဖြစ် ခွင့်ရခဲ့ရင်လည်း ကိုယ့်ဒေသကိုပြန်ပြီး အလုပ်အကြွေးပြုဖို့ဆုံးဖြတ်ထားပါတယ်။
 
ဦးမောင်မောင်လေး
(ဥက္ကဋ္ဌ၊ ၁၉၆၄-၁၉၈၈ လူရည်ချွန်ဟောင်းများအဖွဲ့၊ အထက်မြန်မာပြည်)
အရင်တုန်းက လူရည်ချွန်စီမံကိန်း တွေဆို သမ္မတတွေကိုယ်တိုင်တက်ပြီး ချီးမြှင့်တာရှိပါတယ်။အခုဟာ တိုင်းဒေသကြီးအလိုက် ပြန်ခွဲဝေ လိုက်တဲ့အခါကျတော့ တိုင်းဒေသကြီး က အကြီးဆုံးဖြစ်တဲ့ ဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက်တာလည်း ပြည့်စုံပါတယ်။ အစိုးရအဖွဲ့ရဲ့ အကြီး အကဲတွေဆိုတာလည်း ခုချိန်က အကူးအပြောင်းအချိန်ဆိုတော့ အလုပ်များနေကြပါတယ်။ လူရည်ချွန် စခန်းတွေမှာ အနယ်နယ်အရပ်ရပ်က ကလေးတွေဆုံမိတဲ့အတွက် တစ်ဦးနဲ့ တစ်ဦး၊ တစ်နယ်နဲ့တစ်နယ် ဗဟုသုတ တွေ ဖလှယ်ခွင့်ရကြပါတယ်။ ကြိုးစား တဲ့ကလေးတွေကို အခုလို နိုင်ငံတော် က ဂုဏ်ပြုပြီး အပန်းဖြေစခန်းတွေ ဖွင့်ပေးတဲ့အခါက ဒီကလေးတွေအစား ကျေနပ်ကြည်နူးတယ်။ ဒီလို လူရည် ချွန်စခန်းတွေကို စဉ်ဆက်မပျက် ဖွင့်ပေးလိုက်ခြင်းဖြင့် လူရည်ချွန်စီမံ ကိန်းတွေက ထူးချွန်တဲ့ လူငယ် မျိုးဆက်တွေ ထပ်ဆင့်မွေးထုတ်နိုင် မယ်။ တိုင်းပြည်အတွက် အကျိုးပြု မယ့် ပညာရှင်တွေ၊ ထူးချွန်ထက်မြက် သူတွေ ရရှိလာနိုင်မယ်လို့ ယုံလည်း ယုံကြည်တယ်။ မျှော်လည်းမျှော်လင့် တယ်။ နောက်ပြီး လူရည်ချွန်စီမံကိန်း တွေကနေကောင်းတဲ့ အကျင့်စရိုက် တွေ ပျိုးထောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။
 
မအိန္ဒြေ
(နှစ်ထပ်ကွမ်းလူရည်ချွန်၊ အထက-အုတ်ဖို၊ သာယာဝတီခရိုင်၊ ပဲခူးတိုင်းဒေသကြီး)
 
တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးက သူငယ်ချင်းသစ်တွေနဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ ပင်လယ် ထဲဆော့တာတို့၊ ညပိုင်းဖျော်ဖြေရေး အစီအစဉ်တွေကတော့ အမှတ်တရပါ ပဲ။ သမီးတို့က (၁ဝ) တန်းဆိုတော့ ဒီနှစ်ပြီးရင် လူရည်ချွန်စခန်းတွေ မသွားရဘူးဆိုတော့ ဒီက သူငယ်ချင်း တွေနဲ့လည်း တွေ့ဖို့ ခက်သွားပြီ။ ဒါပေမယ့် အမြဲအမှတ်ရနေမှာပါ။တက္ကသိုလ်ရောက်ရင်လည်း ပရဟိတ လုပ်ငန်းတွေ၊ လူရည်ချွန်နဲ့ ပတ်သက် တဲ့ လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက် သွားဖို့ရှိပါတယ်။လေ့လာရေးခရီးစဉ် တွေက ပြင်ပဗဟုသုတတွေအများကြီး ရတဲ့အပြင် လူနေမှုဘဝတွေကိုလည်း သိနိုင်တယ်။ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းလာပါတယ်။ ကိုယ့် ထက်ငယ်တဲ့ ကျောင်းသား ကျောင်းသူ တွေကို ပြောချင်တာက ဒီလိုခရီးစဉ် မျိုးက ကိုယ့်မှာပိုက်ဆံဘယ်လောက် ရှိရှိ မိသားစုနဲ့ဘယ်လောက်သွားသွား ရတဲ့အတွေ့အကြံုတွေက လုံးဝမတူ ပါဘူး။ ဒါကြောင့် ဒီလိုအခွင့်အရေး မျိုးတွေ ရနိုင်အောင် ကျောင်းစာတစ်ခု တည်းမဟုတ်ဘဲ ဘက်စုံထူးချွန်အောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။