ပြည်ထောင်စုဝန်ကြီး ၁၇ ကြိမ်မြောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးများ၏ စကားဝိုင်း ဆွေးနွေးပွဲ တက်ရောက်ဆွေးနွေး

နေပြည်တော် ၂၀၂၀ အောက်တိုဘာ ၄

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယမန်နေ့ ညနေပိုင်းက အွန်လိုင်းမှ ကျင်းပ သော ၁၇ ကြိမ်မြောက် သိပ္ပံနှင့် နည်းပညာဝန်ကြီးများ၏ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးခဲ့ ပါသည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ ဂျပန်နိုင်ငံ သိပ္ပံနှင့် နည်းပညာ မူဝါဒ ဝန်ကြီး Mr.HE Inoue Shinji က အဖွင့်အမှာစကားပြောကြားပါသည်။ ဆက်လက်၍ နိုင်ငံတကာ သိပ္ပံနှင့် နည်းပညာဝန်ကြီးများက ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု (Science, Technology and Innovation – STI) သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး၊ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်၊ စွမ်းအင်၊ ဆက်သွယ်ရေးနှင့် ကျန်းမာရေးနယ်ပယ်တို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလှပါကြောင်း၊
မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေကို ပြဋ္ဌာန်းပြီးနောက် ဆက်လက်၍ အမျိုးသား သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မူဝါဒ (National STI Policy)ကို ရေးဆွဲလျက်ရှိပါကြောင်း၊ အမျိုးသား သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မူဝါဒသည် မြန်မာနိုင်ငံတက္ကသိုလ်များကို သုတေသနနှင့် ဆန်းသစ် တီထွင်မှု အခြေပြုတက္ကသိုလ်များ ဖြစ်လာစေရေး ရည်မှန်းချက်ထားရှိပါကြောင်း၊
တက္ကသိုလ် များတွင် Open Science Access Centres များ တည်ထောင်ရေးကို အားပေးလျက် ရှိပါကြောင်း၊ သို့ဖြစ်ရာ ပညာရေးဝန်ကြီးဌာန အနေဖြင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ အရည်အသွေးမြှင့်တင်ရေး၊ နည်းပညာနှင့် အခြေခံအဆောက်အအုံအတွက် ရင်းနှီးမြှပ်နှံရေး၊ အသုံးချသုတေသန အားပေးရေး၊ ၂၁ ရာစု သင်ရိုးညွှန်းတမ်းများ ရေးဆွဲရေး၊ အသင်းအဖွဲ့ အသွင်ဖြင့် သင်ကြား သင်ယူရေး၊ ပြည်သူပိုင်နှင့် ပုဂ္ဂလိက ပူးပေါင်းမှု၊ တက္ကသိုလ်နှင့် အလုပ်ရုံများ ပူးပေါင်းမှုကို အားပေးရေး၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကို ထိရောက်စွာ၊ ကျွမ်းကျင်စွာ၊ ပွင့်လင်းမြင်သာစွာ အသုံးချရေးတို့ကို စဉ်ဆက် မပြတ်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ (Sustainable Development Goals) အောင်မြင်ရေးအတွက် ဆန်းသစ်တီထွင်မှု များဖြင့် ဆက်လက်အကောင်အထည်ဖော်သွားမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ ပါသည်။ ထို့နောက် HE Inoue Shinji က နိဂုံးချုပ် မိန့်ခွန်းပြောကြားခဲ့ပါသည်။
အဆိုပါ ၁၇ ကြိမ်မြောက် သိပ္ပံနှင့် နည်းပညာဝန်ကြီးများ၏ စကားဝိုင်းဆွေးနွေးပွဲသို့ နိုင်ငံတကာမှ သိပ္ပံနှင့် နည်းပညာဝန်ကြီး (၄၀)ဦး တက်ရောက်ခဲ့ကြပြီး အောက်တိုဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပလျက်ရှိသော လူ့အဖွဲ့အစည်းအတွင်း သိပ္ပံနှင့် နည်းပညာ ဖိုရမ် (Science and Technology in Society Forum)နှင့် ယှဉ်တွဲကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။