ပြည်ထောင်စုဝန်ကြီး အခြေခံပညာမူလတန်း ကျောင်းအုပ်ကြီးများ၏ စီမံအုပ်ချုပ်ရေးအရည်အသွေးမြှင့်မွမ်းမံသင်တန်းများ (မြို့နယ်အဆင့်) သို့ လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော်  ၂၀၂၁ မတ် ၂၂

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ် ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲ ၁း၃၀ နာရီ အချိန်တွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာ အထက်တန်း ကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ် အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်ထား သည့် အခြေခံပညာမူလတန်းကျောင်းအုပ်ကြီးများအတွက် စီမံအုပ်ချုပ်ရေး (စီမံ၊ ဘဏ္ဍာ၊ ပညာ) အရည်အသွေးမြှင့် မွမ်းမံသင်တန်းများ (မြို့နယ့်အဆင့်) သို့သွားရောက်၍ လှည့်လည်ကြည့်ရှု အားပေး သည်။

ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံရာတွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်ဖွင့်လှစ်သည့် အရည်အသွေးမြှင့်မွမ်းမံ သင်တန်းသို့ နွေရာသီပူပြင်းသည့်ကာလဖြစ်သော်လည်း တက်ရောက်လာကြသည့် ကျောင်းအုပ်ကြီး များကို ကျေးဇူးတင်ပါကြောင်း၊ သင်တန်းတွင် မိတ်ဆွေဆရာဆရာမများ၊ ကျောင်းအုပ်များ အချင်းချင်း ပြန်လည်တွေ့ဆုံ၍ အတွေ့အကြုံများ ဖလှယ်ကြကာ မိမိနိုင်ငံ၏ပညာအရည်အသွေး မြှင့်တင်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြမည်ဟု ယုံကြည်ပါကြောင်း၊ အခြေခံပညာ ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးအတွက် ကြိုတင်ပြင်ဆင် နေကြပြီဖြစ်ပါကြောင်း၊ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက်လိုအပ်ချက်များ တင်ပြရာတွင် အောက်ခြေ၌အမှန်တကယ်လိုအပ်သည့် အရာများကို ရဲရဲဝံ့ဝံ့ တင်ပြတောင်းခံရန်လိုသကဲ့သို့ သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် လိုအပ်ချက်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မြန်ဆန်ဆန်ဖြည့်ဆည်းပေးကြမည်ဖြစ်ပါကြောင်း၊

ဆရာ ဆရာမဆိုသည်မှာ အနာဂတ်သားကောင်းရတနာများ၏ ပဲ့ကိုင်ရှင်များဖြစ်ကြသဖြင့် ပဲ့ကိုင်ရှင်များ၏ ပဲ့ကိုင်သွန်သင်ဆုံးမလမ်းပြမှုမှန်ကန်လျှင် သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့အဖြစ် ထွန်းပေါက်လာကြမည်သာဖြစ်ပါကြောင်း၊ အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ်များကို မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ ဂါရဝတရားရှိကြစေရေး၊ ဟီရိဩတ္တပ္ပ အရှက်အကြောက်တရားများ ရှိစေရေးအတွက် သွန်သင်ဆုံးမလေ့ကျင့် ပေးကြစေလိုပါကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်သည့်အခါ ကျောင်းသားကျောင်းသူများကို စာတတ်အောင်သင်ပေးကြစေလိုပါကြောင်း၊ အချို့သော CDM လှုပ်ရှားမှုတွင်ပါဝင်နေသည့် ဆရာဆရာမများကို နိုင်ငံဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ ပြန်လည်တာဝန်ထမ်းဆောင်၍ ဘာသာရပ်မွမ်းမံသင်တန်းများ ဖွင့်လှစ်သည့်အခါ တက်ရောက်ကြရန် နှိုးဆော်တိုက်တွန်းပေးကြ စေလိုပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် CDM လှုပ်ရှားမှုမှပြန်လည် တာဝန်ထမ်းဆောင် လာကြသည့် ဆရာဆရာမများကိုလည်း နွေးနွေးထွေးထွေး ကြိုဆိုကြစေလိုပါကြောင်း၊ ကျောင်းသား၊ ဆရာအချိုးနှင့် ကိုက်ညီသည့် စာသင်ခုံ၊ စာသင်ခန်း၊ စာကြည့်တိုက်၊ သန့်စင်ခန်း၊ ရေစင်၊ ရေပိုက်လိုင်းများ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ပြောကြားကာ သင်တန်းသား မူလတန်းကျောင်းအုပ်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးအတွက် ပြင်ဆင် ဆောင်ရွက်နေမှုများကို ကြည့်ရှုကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။