ပြည်ထောင်စုဝန်ကြီး အခြေခံပညာကျောင်းအုပ်ကြီးများ၏ စီမံအုပ်ချုပ်ရေးအရည်အသွေးမြှင့်မွမ်းမံသင်တန်းများ (မြို့နယ်အဆင့်) သို့ လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၁ မတ် ၁၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ် ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းနှင့် ဇေယျာသီရိ မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ကျောက်ချပ်) တို့တွင်ဖွင့်လှစ်ထားသည့် အခြေခံပညာ အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများအတွက် စီမံအုပ်ချုပ်ရေး (စီမံ၊ ဘဏ္ဍာ၊ ပညာ) အရည်အသွေးမြှင့်မွမ်းမံသင်တန်းများ (မြို့နယ့်အဆင့်) သို့သွားရောက်၍ လှည့်လည်ကြည့်ရှု အားပေး သည်။

ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံရာတွင် ကိုဗစ်-၁၉ကပ်ရောဂါအခြေအနေကြောင့် ကျောင်းများပိတ်ထားရသည်မှာ တစ်နှစ် ဝန်းကျင်ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်းနှင့် အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် တားဆီးရေး အခြေခံစည်းမျဉ်းစည်းကမ်း (၂၂) ချက်နှင့်အညီ စိစစ်ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိ ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် သက်ဆိုင်ရာ ပညာရေးမှူးများ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် အခြေခံပညာကျောင်းများပြန်လည်ဖွင့်နိုင်ရေး  ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍအနေဖြင့် ဧပြီလဆန်းမှစတင်၍ ပါရဂူတန်းများကိုလည်းကောင်း၊ မေလဆန်းမှ စတင်၍ နောက်ဆုံးနှစ်ဘွဲ့သင်တန်းများကိုလည်းကောင်း ပြန်လည်ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် ယင်းသို့ဖွင့်လှစ်ပေးခြင်းဖြင့် သက်ဆိုင်ရာဘွဲ့အသီးသီးရရှိကာ အလုပ်အကိုင် အခွင့်အလမ်းများအတွက် အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ပါကြောင်း၊ ကျောင်းအုပ်ကြီးများအနေဖြင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ မိမိကျောင်း၏ အထွေထွေလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မြန်ဆန်ဆန်ဖြည့်ဆည်း ဆောင်ရွက်စေလိုပါကြောင်း၊ ကျောင်းစာကြည့်တိုက်များအတွက် လိုအပ်သော စာအုပ်စင်၊ စာအုပ်ဗီဒိုများ၊ သုတ၊ ရသစာအုပ် စာစောင်များ ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊ ကျောင်းများ အားလုံးတွင် ကျောင်းသား ဆရာအချိုးအရ ကျောင်းအတွက်လိုအပ်သော ပရိဘောဂပစ္စည်းများ၊ ရေ၊ မီး၊ ပြည့်စုံမှုတူညီရန်လိုသကဲ့သို့ သင်ကြားရေးနှင့်စီမံခန့်ခွဲရေး ပြည့်စုံကောင်းမွန်မှုများလည်း တူညီရန်လိုအပ်ပါကြောင်း၊ အနာဂတ်ခေါင်းဆောင်များဖြစ်သည့် ကျောင်းသား ကျောင်းသူများအား ကျေးလက်မြို့ပြ၊ ဆင်းရဲချမ်းသာ စသည့်မည်သည့်ခွဲခြားမှုမျှ မရှိစေဘဲ ညီမျှသော သင်ယူမှုအခွင့် အလမ်းရရှိအောင်ဆောင်ရွက်ပေးရန် အရေးကြီးပါကြောင်း၊ ကျောင်းအုပ်ကြီးများအနေဖြင့် အရည်အသွေးမြှင့်မွမ်းမံသင်တန်းတွင် စီမံ၊ ဘဏ္ဍာနှင့် ပညာကဏ္ဍ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို လေ့လာဆွေးနွေးကာ မိမိတို့၏ စီမံအုပ်ချုပ်မှု အရည်အသွေးမြှင့်တင်လျက် ကျောင်းများအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့်ပညာရေး  အဆင့် အတန်း မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်းဖြင့် ပြောကြား သည်။

ထို့နောက် သင်တန်းတက်ရောက်လာသူ ကျောင်းအုပ်ကြီးများက သိလိုသည်များနှင့် လိုအပ်ချက်များ မေးမြန်းတင်ပြရာ  ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။