ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခ ဌာနမှူးများ တွေ့ဆုံ

ရန်ကုန် ၂၀၁၆ ဇွန် ၄

          ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန် တက္ကသိုလ်မှ ပါမောက္ခ ဌာနမှူးများတွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန် တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။

          အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်အလိုက်၊ ဘာသာရပ် အလိုက် သုတေသနနယ်ပယ်အလိုက် ဆရာ၊ ဆရာမများ သင်ကြားသင်ယူမှုစွမ်းရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရေး၊ သုတေသနလုပ်ငန်းများ ဆောင်ရွက် ရာတွင် တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက် ဖြစ်စေ ဆောင်ရွက်ရေး၊ ဘာသာရပ်အလိုက် သုတေသနဂျာနယ်များ ထုတ်ဝေနိုင်ရေး၊ တက္ကသိုလ်အလိုက် သုတေသနဂျာနယ်များ ထုတ်ဝေနိုင်ရေး၊ ပြည်တွင်း၊ ပြည်ပသုတေသနဂျာနယ်များတွင် ပါဝင်ရေးသားကြရေး၊ သုတေသန လုပ်ငန်းဆိုင်ရာများ တိုးမြှင့်ဆောင်ရွက်ရေး၊ ဆရာ၊ ဆရာမများ မိမိတို့ ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းပေးရေး၊ တက္ကသိုလ်များ အရည်အသွေး အာမခံမှု ရှိရေးအတွက် Internal Quality Assurance-IQA ထူထောင်ရေး၊ ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရပ်ဆိုင်ရာ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပနိုင်ရေးနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာကြသည့် ပါမောက္ခချုပ်နှင့်တကွ ပါမောက္ခ ဌာနမှူးများက ရန်ကုန်တက္ကသိုလ်၏ဒုတိယပညာသင်နှစ်ဝက်အတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့သည်။

          တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ ရန်ကုန်ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ ဌာနမှူးများနှင့် ဌာနအလိုက် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။