ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်၍ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် နိုဝင်ဘာ ၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ် ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၉:၁၅ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း သို့သွားရောက်၍ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေသည်များကို လှည့်လည်ကြည့်ရှု အားပေးသည်။

ပြည်ထောင်စုဝန်ကြီးက ပညာသင်ကြား သင်ကြားနေသည့်ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံရာတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းပိတ်ထားရသော်လည်း ကျောင်းများ ပြန်ဖွင့်သည်နှင့် ပညာသင်ယူမှု အခွင့်အလမ်းကို အရယူကာ ကျောင်းတက်လာကြသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မကြိုးစားဘဲ အောင်မြင်မှုမရနိုင်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဂရုစိုက်၍ ယခုကျောင်းပြန်ဖွင့်ချိန်က စပြီး ပညာရည်တိုးတက်အောင် ရည်မှန်းချက်မပျောက်အောင် ကြိုးစားသင်ယူကြစေလိုပါကြောင်း၊    ပညာသင်ကြားပေးသည့် ဆရာဆရာမများနှင့် မိဘများအပေါ် ရိုသေလေးစား၍ကျေးဇူးတရားများ သိတတ်သည့် နိုင်ငံအတွက်အားထားရသော လူတော်လူကောင်း များဖြစ်အောင် ကြိုးစား ကြစေ လိုပါကြောင်း၊ ဆရာဆရာမများ အနေဖြင့်လည်း အနာဂတ်မျိုးဆက်သစ်များဖြစ်သည့် ကျောင်းသား ကျောင်းသူများ ပညာအရည်အသွေးတိုးတက်ရေး၊ ထူးချွန်ထက်မြက်ရေးအတွက် ပြုစုပျိုးထောင် ပေးကြစေလိုပါကြောင်း၊ ကျောင်းဖွင့်ကာလအတွင်း ကျောင်းသားကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်ချက် အခက်အခဲများရှိပါက တင်ပြကြရန်နှင့် လိုအပ်ချက်များကိုလည်း အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်ကြားနေဆဲ သိပ္ပံသင်ခန်းစာများနှင့် ပတ်သက်၍ လည်းကောင်း၊ ဒုတိယဝန်ကြီးက English ဘာသာရပ်သင်ကြားသင်ယူမှုနှင့် ပတ်သက်၍ လည်းကောင်း ကျောင်းသားကျောင်းသူများအား ဆွေးနွေးမေးမြန်းသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘာသာရပ်ဆိုင်ရာ သင်ကြားသင်ယူနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်ကာ ဘာသာရပ်ဆိုင်ရာ သင်ကြားသင်ယူနေမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုအားပေး၍ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်ရေးတို့ကို လမ်းညွန်မှာကြားသည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှုန်း ကျဆင်းနေပြီဖြစ်သောကြောင့် ယနေ့နိုဝင်ဘာ ၁ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ် ကိုးခုမှ နယ်စပ်ဒေသရှိ မြို့နယ် ၄၆ မြို့နယ်ရှိ စာသင်ကျောင်း များမှလွဲ၍ ကျန်မြို့နယ်များအားလုံးရှိ စာသင်ကျောင်းများ(ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများအပါအဝင်)ကို  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ရာ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်လျက် ရှိကြောင်း သတင်းရရှိသည်။