ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဒဂုံတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဆရာ ဆရာမများနှင့် တက္ကသိုလ်ဝင်တန်း စာစစ်ဆရာဆရာမများကိုတွေ့ဆုံ

ရန်ကုန် ၂၀၂၂ ဧပြီ ၃၀

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းတို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်၊ ဆရာဆရာမများ၊ တက္ကသိုလ်ဝင်တန်း စာစစ် ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စာကြည့်တိုက်နှင့် ဘာသာရပ်ဌာနတစ်ခုချင်းအလိုက် ဘာသာရပ်ရည်ညွှန်းစာအုပ်များ ဖြည့်ဆည်းရန် လိုအပ်သောရန်ပုံငွေများ ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး သုတေသနအတွက် လိုအပ်သည့် စက်ပစ္စည်းများကိုလည်း ပံ့ပိုးဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အတူ ဆရာ ဆရာမများ သုတေသနလုပ်ငန်း ဆောင်ရွက်ရာတွင် လိုအပ်သည့် ရန်ပုံငွေများနှင့် ခရီးစရိတ်များကိုပါ ပံ့ပိုးဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း။

တက္ကသိုလ်များတွင် လစ်လပ်လျက်ရှိသည့် နည်းပြ သရုပ်ပြ ဆရာ ဆရာမ လိုအပ်ချက်များကိုလည်း ခန့်အပ်ပေးသွားမည်ဖြစ်ကြောင်း၊ စာစစ်လုပ်ငန်းများကိုလည်း ဆရာ ဆရာမများအနေဖြင့် အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ကိုယ်ချင်းစာတရား များ လက်ကိုင်ထား၍ အပြန်အလှန်လေးစားမှုဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ဆရာ ဆရာမများက မူလတန်းနှင့် အလယ်တန်းရာထူးတိုးကိစ္စရပ်များ၊ ဝန်ထမ်းမိသားစုပေါင်းစည်းရေးကိစ္စရပ်များ၊ ဆရာ ဆရာမလိုအပ်ချက်များ၊  ဝန်ထမ်းအိမ်ရာလိုအပ်ချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးနှင့်  တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကင်း ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ပညာရေးဘွဲ့ စာပေးစာယူပထမနှစ်သင်တန်း (၁/၂၀၂၂) သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံပြီး အခြေခံပညာကဏ္ဍမှ ဆရာ ဆရာမများသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့် ကျောင်းသားကျောင်းသူများကို မွေးထုတ် ပေးရမည်ဖြစ်သည့်အတွက် ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများကိုပါ ထူးချွန်မှုရှိစေရန် ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ်ဝင်တန်း စာစစ်လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။