ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး နေမှုကို ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၂ ဇွန် ၆

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင်  ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်သို့ရောက်ရှိပြီး ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်၏ ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်မည့် အခြေအနေများ၊ အဆောက်အအုံ နေရာချထားမှု ပုံစံများ၊ မူလအဆောက်အအုံများကို ပြင်ဆင်ထိန်းသိမ်း ဆောင်ရွက်ရန် အခြေအနေများ၊ ဖျက်သိမ်းမည့် အန္တရာယ်ဆောင် အခြေအနေများ၊ လက်ရှိမြေနေရာအနေအထားနှင့် တိုးချဲ့အဆောက်အအုံ ဆောက်လုပ်နိုင်မည့် အခြေအနေများကို  ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ထိုမှတစ်ဆင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ကျောက်ဖြူမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုနှင့် အသက်ငါးနှစ်မှ (၁၂)နှစ်အထိ ကျောင်းသား ကျောင်းသူများ ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများကို သွားရောက် ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဖြူမြို့နယ်ရှိ စေတီတောင် မူလတန်းလွန်ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ (မြို့မ)၊ အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း ကညင်တော(မြို့)၊ အခြေခံပညာ မူလတန်းလွန်ကျောင်း (ပြင်ဖြူမော်)၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များ ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြစေလိုကြောင်း၊ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများ ယခုထက် ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်းမှာကြားကာ ကျောင်းများအတွက် လိုအပ်သည့် ကျောင်းဆောင်များ၊ စာသင်ခန်းများ၊ ကွန်ကရစ်လမ်းများ၊ ကျောင်းအုတ်တံတိုင်းများ၊ စာသင်ခုံများ၊ ရေနှင့်ရေသန့်စက် စသည့်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။